စစ်တွေ ၁၀ ဇွန်

 

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိရာ အစည်းအဝေးများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှစ်ခု စသည်ဖြင့် အတည်ပြုမိန့်လျှောက်ထားသည်ကို တွေ့ရပါကြောင်း၊ ထိုသို့လျှောက်ထား ရင်းနှီးမြှုပ်နှံလာခြင်းသည် အောင်မြင်ကောင်းမွန်သော ရလဒ်ကောင်းများပင် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုများ များများဝင်လာနိုင်အောင်၊ အလုပ်အကိုင်များလည်း ယခုထက်ပိုမိုရရှိလာအောင် ကြိုးစားဆောင်ရွက်သွားမည်ဆိုလျှင် တိုးတက်အောင်မြင်မှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သတ်၍လည်း ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ အားလုံးက လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တာဝန်ရှိသည့်ပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမည့်ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ စသည်ဖြင့် အားလုံးက လိုက်နာဆောင်ရွက်မှ အခက်အခဲများနည်းကာ အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်းနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျေကျေဖြင့် ဆောင်ရွက်ရန်သာမက ယခုထက်ပိုပြီး လူနေမှုဘဝ တိုးတက်လာအောင် စေတနာထားကာ ဝိုင်းဝန်းကြိုးစားပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထူးမင်းသိမ်းက အတည်ပြုလျှောက်ထားလွှာအပေါ် စိစစ်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Min Htee Beach Development  Company Limited မှ ဟိုတယ်နှင့် အပန်းဖြေစခန်းတည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်ရယူ ဆောင်ရွက်ခွင့်ပြုရန် ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ရရှိသည့် Min Thee Beach Development  Company Limited အား အတည်ပြုလွှာပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

 

တင်ထွန်း (စစ်တွေခရိုင် ပြန်/ဆက်)