နေပြည်တော် ၁၀ ဇွန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် International Foundation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုအချိန်ကာလသည် ကမ္ဘာတစ်ဝန်း ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားနေသည့် အချိန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ကျင်းပပေးရမည် ဖြစ်ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများသည် ပုံမှန်အခြေအနေတွင် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်−၁၉ ကာလနှင့်တိုက်ဆိုင်နေသည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအနက်မှ မဲစာရင်း ကပ်ထားကြေညာသည့်ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့တို့တွင် ပြည်သူလူထု စုဝေးခြင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မဲစာရင်းတွင် မိမိအမည်ပါမှသာ မဲပေးနိုင်မည်ဖြစ်သည့်အတွက် မဲစာရင်းကပ်ထားကြေညာသည့်အချိန်တွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုရမည် ဖြစ်ပါကြောင်း၊ ထိုသို့ကြည့်ရှုရာတွင် လူစုလူဝေးဖြစ်နိုင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ online မှ မဲစာရင်းကြည့်ရှုနိုင်ရန် Mobile Application ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့တို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ မည်သို့ဆောင်ရွက်မည်ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း လေးသောင်းကျော်လျာထားပြီး မဲဆန္ဒရှင်ပေါင်း (၃၇) သန်းကျော် ရှိပါကြောင်း။
ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်ပြည်သူများ မဲရုံတွင် မဲစာရင်းကြည့်သည့်အချိန်နှင့် မဲပေးခြင်း ဆောင်ရွက်သည့်အချိန်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မည်သို့ ဆောင်ရွက်ရမည်ကို သရုပ်ပြ မဲရုံများပြသပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မဲရုံများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုအပ်ချက်များကို စိစစ်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စများကို ကြိုတင်စီစဉ်နိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ကိုဗစ်−၁၉ ရောဂါကြောင့် မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်စိတ်မရှိစေဘဲ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်


