နေပြည်တော် ၁၀ ဇွန်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ စားသောက်ဆိုင်အတွင်း သီးသန့်ခန်းကို ဝင်ရောက်ရှာဖွေရာ မစိုးစိုးအေး၊ တင်လှနှင့် သန်းလင်းတို့အား တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၉၇၀ နှင့် မြန်မာငွေကျပ် ၈,၄၀၀ တို့ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ည ၇ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ အကွက်အမှတ်(၁၁)၊ ဘီလမ်း၊ အိမ်အမှတ်(မ/၂)နေ မနန်းအေးလူ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၆၀၊ မြန်မာငွေကျပ် ၄၅,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။
ထို့အတူ ဇွန် ၈ ရက် ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာ၊ လားရှိုး-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အိုက်တေး မောင်းနှင်လာသည့် CROWN အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၅၂၁ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ၆၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀၊ မြန်မာငွေကျပ် ၁၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ည ၂၀ နာရီက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ကုန်းသာဘုန်းကြီးကျောင်းလမ်းတွင် မချိုချိုအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၊ မြန်မာငွေကျပ် ၅၉,၀၀၀ တို့ကို သိမ်းဆည်းရမိပြီး ရွှေညောင်မြို့၊ အောင်သပြေကျေးရွာရှိ၎င်း၏ နေအိမ်ကိုဆက် လက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၇၀ ပြားနှင့် ဘိန်းစိမ်း သုည ဒသမ ၀၃၅ ကီလိုတို့ကိုလည်းကောင်း။
ထို့အတူ ထိုနေ့မွန်းလွဲ ၁ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့၊ အမှတ်(၅)ရပ်ကွက်၊ အောင်သပြေလမ်းတွင် ရပ်တန့်ထားသည့် ယာဉ်မောင်း နေလင်းမောင်(ခ)မောင်မောင် မောင်းနှင်ပြီး ကျော်သန်းလိုက်ပါလာသည့် ISUZU အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်၊ ဇော်မြင့်မောင်းနှင်ပြီး စိုးသိန်းလိုက်ပါလာသည့် ISUZU အမျိုးအစား ၆ ဘီးမော်တော်ယာဉ်၊ အောင်ကြည်ဖြိုး မောင်းနှင်သည့် ၁၀ ဘီးမော်တော်ယာဉ်နှင့် စိုးမြင့်လှိုင်မောင်းနှင်သည့် ၁၀ ဘီးမော်တော်ယာဉ်တို့ကို တာဝန်ခံဖြစ်သူ ကျော်မင်းနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်များပေါ်မှ Sodium Cyanide ၁၈,၀၀၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား