နေပြည်တော် ၁၀ ဇွန်

 

အာဆီယံလူမှုဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများအဆင့် online အထူးအစည်းအဝေး (Special Online Meeting of the ASEAN Minister Meeting on Social Welfare and Development  (AMMSWD) ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးသည်။

 

အဆိုပါ အစည်းအဝေးဖွင့်ပွဲတွင် (AMMSWD)အလှည့်ကျ ဥက္ကဋ္ဌ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါသည် မိမိတို့ အာဆီယံနိုင်ငံများအတွင်းရှိ ထိခိုက်လွယ်အုပ်စုများကို အထူးဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း၊ မိမိတို့နိုင်ငံများ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များနှင့် လူမှုဝန်ထမ်း ဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားစေလိုပါကြောင်း၊ သင်ခန်းစာကောင်းများကိုလည်း မျှဝေဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်ပြီး အာဆီယံအတွင်းရေးမှူးရုံးချုပ်အဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အာဆီယံဒေသတွင်းနိုင်ငံများရှိ ထိခိုက်လွယ်အုပ်စုများအပေါ် သက်ရောက်မှုအခြေအနေများနှင့် အာဆီယံနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေများကို သုံးသပ်တင်ပြသည်။

 

ယင်းနောက် အာဆီယံနိုင်ငံများအလိုက် ဝန်ကြီးများက အလှည့်ကျ ဆွေးနွေးတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ မချန်ထားဘဲ ကပ်ရောဂါကြောင့်သက်ရောက်မှုများကို လျှော့ချနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို မိမိတို့အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGOs များ၊  လူမှုရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကလေးသူငယ်များ နှင့်အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူများကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှုများ၊ မိခင်နှင့်ကလေးများ၊ သက်ကြီးရွယ်အိုများအား  လူမှုရေးစောင့်ရှောက်မှုနှင့် ငွေကြေး ထောက်ပံ့မှုအစီအစဉ်များ ဆောင်ရွက်မှုနှင့် မသန်စွမ်းမှုအမျိုးအစားအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုများ၊ IDP Camp များတွင် ထောက်ပံ့ကူညီပေးမှုများနှင့် တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများကို ပံ့ပိုးကူညီရေးနှင့် လုပ်ငန်းများ ထိရောက်စေရေးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ၂၀၂၀ ခုနှစ် ဧပြီ ၁၅ ရက်တွင် ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ စသည့် ထိခိုက်လွယ်အုပ်စုများအတွင်း အလေးပေး ကာကွယ်စောင့်ရှောက်နိုင်ရေး Joint Statement ကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်