နေပြည်တော် ၁၀ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကို နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တွင် ဝန်ကြီးဌာနမှ ကမ္မကထပြုကာ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ရဟန်း ၃၄၃ ပါး၊ သီလရှင် ၂၅ ပါးနှင့် လူပုဂ္ဂိုလ် ၁၄၇ ဦးတို့ကို ဘွဲ့ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပါကြောင်း။
မဟာဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပခြင်းအနေဖြင့် ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စသည့်ဘွဲ့များ ဆက်ကပ်ချီးမြှင့်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဓမ္မာစရိယ ၁၀၁၈ ပါး၊ ဓမ္မာစရိယ (ပါဠိဂုဏ်ထူး) ၃ ပါး၊ ဓမ္မာစရိယ (မြန်မာဂုဏ်ထူး) ၇ ပါး၊ ပထမပြန် (ငယ်၊ လတ်၊ ကြီး) ၁၁၆၆၉ ပါး၊ နိကာယ် ၄၂၃၇ ပါး၊ အဘိဓမ္မာ ၁၈၀၂၁ ပါး၊ ဝိသုဒ္ဓိမဂ် ၃၀၄၀ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်(ဂုဏ်ထူးဆောင်) ၄၅၈၅ ပါးကို နှစ်အလိုက် ဆက်ကပ်ချီးမြှင့်လျက်ရှိပါကြောင်း။
ပရိယတ္တိသာသနာတော် တည်တံ့ပြန့်ပွားနိုင်ရန် “တိပိဋကဓရ တိပိဋကကောဝိဒ” ဘွဲ့တော်များ ဆက်ကပ်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် (၇၂)ကြိမ်မြောက် စာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ ၁၅ ပါးမြောက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋကဓရမဟာ ဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ သက်တော် (၄၅)နှစ်၊ သိက္ခာ (၂၄)ဝါရှိ ဘဒ္ဒန္တပညာဝံသာဘိဝံသ ဆရာတော်တစ်ပါး ပေါ်ထွန်းခဲ့ပါကြောင်း၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် B.A ၁၀၂ ပါး၊ M.A ၁၆ ပါးနှင့် Ph.D ၁ ပါး အောင်မြင်ခဲ့ပါကြောင်း။
ရွှေတိဂုံစေတီတော် ပြုပြင်မွမ်းမံမှုများအနေဖြင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ထာဝရဘက်စုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တစ်ပေပတ်လည် ရွှေစင်၊ ရွှေပြား ထုတ်လုပ်နိုင်သည့် ရွှေပြားကြိတ်စက်ရုံကိုဖွင့်လှစ်ခဲ့ပြီး အရည်အသွေးပြည့်မီသော ရွှေပြားချပ် ရေ ၄၁၀ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။
ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ကို ၂၀၁၆ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် အဖွဲ့ဝင် ၁၁ ဦးဖြင့် အသစ်ဖွဲ့စည်းခဲ့ပြီး စေတီတော်ရှိ အလှူခံပုံးများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်နေမှုအား ဖျက်သိမ်း၍ ဂေါပကအဖွဲ့သစ်မှ တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ငွေကျပ် ၁၅ ဒသမ ၆၇၆ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ ထို့ပြင် စေတီတော်၌ ယခင် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်နေသည့် ဓမ္မာရုံများကို ပြန်လည်သိမ်းယူခဲ့ပြီး ဘုရားဖူးပြည်သူ ၁၂၇၉ ဦး အခမဲ့တည်းခိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။
အလားတူ ပြည်ထောင်စုကြီး ထာဝစဉ်ငြိမ်းချမ်းရေးကို ရည်မှန်းပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံကော်ပန်းအဝိုင်းအနီး၌ ထာဝရငြိမ်းချမ်းရေးစေတီတော်ကို နိုင်ငံတော်အကြီးအကဲများ၏ ကမ္မကထပြုမှုနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ ကြိုးပမ်းမှုနှင့် စေတနာရှင်၊ အလှူရှင် ပြည်သူများ၏ ရက်ရောစွာ လှူဒါန်းမှုတို့ဖြင့် ငွေကျပ် ၈ ဒသမ ၃၃ ဘီလျံကျော်ခန့် အကုန်အကျခံ၍ စေတီတော်ကို တည်ထားနိုင်ခဲ့ပါကြောင်း။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့များကို ၂၀၁၉ ခုနှစ်တွင် မြို့နယ်အဖွဲ့ ၁၂၁ ဖွဲ့၊ ခရိုင်အဖွဲ့ ၄၀၊ တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့ ၁၁ ဖွဲ့နှင့် ဗဟိုအဆင့် ၁ ဖွဲ့တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားစေရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Religions for Peace Advisory Forum)ကို ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace Myanmar)မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌ ပထမအကြိမ်၊ နေပြည်တော် သင်္ဂဟဟိုတယ်၌ ၂၀၁၉ ခုနှစ် မေ ၇ ရက်တွင် ဒုတိယအကြိမ်နှင့် နိုဝင်ဘာ ၁၄ ရက်တွင် တတိယအကြိမ် ကျင်းပနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း။
စတုတ္ထ (၁) နှစ်တာကာလအတွင်း ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်မှုအနေဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ၂၀၁၅ ခုနှစ်မှစတင်ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်းခဲ့ရာ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဇူလိုင် ၆ ရက်တွင် သတ်မှတ်ခဲ့ပါကြောင်း၊ အလားတူ ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက်၂၀၁၉ ခုနှစ် စက်တင်ဘာတွင် အဆိုပြုစာတွဲ(မူကြမ်း)ကို ကမ္ဘာ့အမွေအနှစ်စင်တာသို့ ပေးပို့တင်ပြခဲ့ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်မှုရရှိပါက အဆိုပြုစာတွဲ အပြည့်အစုံ အမြန်ဆုံးတင်သွင်းသွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မြောက်ဦးဒေသရှိ အာနန္ဒစန္ဒြကျောက်စာကို အာရှ - ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) ပါဝင်နိုင်ရေး UNESCO သို့ ဆက်လက်၍ တင်သွင်းသွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ပြည်ပနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ရောင်းဝယ်မှုများ ပပျောက်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့ အပြားမှတွေ့ရှိရသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို တာဝန်သိသိ လာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလတန်ဖိုး၊ အနုစိတ်လက်ရာတန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလ တန်ဖိုးများကို ထပ်ဆောင်းဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ကာ စုဆောင်းထိန်း သိမ်းလျက်ရှိပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ရှေးဟောင်းဝတ္ထုပစ္စည်း အမျိုးအစား ၉၆၈၀ အတွက် ချီးမြှင့်ငွေ ကျပ် ၂၄၆၈ ဒသမ ၅၀၅ သိန်း ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့ပြင် လှူဒါန်းအပ်နှံသူ ၁၈ ဦးထံမှ ရှေးဟောင်းဝတ္ထုပစ္စည်းအမျိုးအစား ၅၀ ကို စုဆောင်းထိန်းသိမ်းကာ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြတိုက်များတွင် ခင်းကျင်းပြသထားပါကြောင်း။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဒြပ်ရှိ/ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စုစုပေါင်း ၂၂၈၉ ခုကို စာရင်းကောက်ယူ စုဆောင်းထိန်းသိမ်းထားရှိပြီး မြန်မာ့သနပ်ခါးအား ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ရလာဒ်များအပေါ်အခြေခံ၍ Nomination File ရေးသားခြင်း၊ ထည့်သွင်းရမည့် မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှုဒေသမှာ စေတီပုထိုး ၃၈၉ ဆူ ပျက်စီးခဲ့ပြီး ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ခဲ့ရာ စေတီပုထိုး ၃၈၉ ဆူအနက် ၁၁ ဆူကျန်ရှိ၍ ၎င်းတို့ကို ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့အတူ ရန်ကုန်မြို့ အမှတ် (၆၀၄/ ၆၀၈) ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် အဆောက်အဦးစီးဌာနတို့ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆို၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်အတွင်း၌ ဖွင့်ပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ခြင်း မရှိသေးပါကြောင်း၊ သက်တမ်းအားဖြင့် ၂၈ နှစ်တာကာလ ကြာမြင့်ပြီဖြစ်သည့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားပြုပြင်မွမ်းမံရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing Construction Engineering Group Co., Ltd မှ အသံစနစ်များ၊ ဇာတ်စင်သုံးမီးစနစ်များ၊ အဲကွန်းစနစ်များ၊ ပွဲကြည့်ထိုင်ခုံများ၊ အဆောက်အဦးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ အလိုအလျောက် မီးငြိမ်းသတ်စနစ် အဆင့်မြှင့်တင်ခြင်းနှင့် အခြားအထွေထွေပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၁၀ ရက်မှစ၍ (၂)နှစ်ကြာ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အနုပညာအထက်တန်းကျောင်း (ရန်ကုန်၊ မန္တလေး)၌ ပန်တျာနှင့် ပန်းချီပန်းပုဌာန၏ သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ ၅၆ ဦးနှင့် နွေရာသီပန်းချီနှင့် ပန်တျာသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ ၅၀၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါကြောင်း၊ ထို့အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများကို အခြေခံကျောင်းများတွင် သင်ကြားနိုင်ရေးအတွက် မြန်မာအက အခြေခံကဗျာလွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြ သင်တန်းအမှတ်စဉ် (၁/၂၀၁၉)နှင့် (၂/ ၂၀၁၉)ကို ယဉ်ကျေးမှုရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၂၀ဝ နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)မှ ဝန်ထမ်း ၂၀ ဦးတို့ သင်တန်း တက်ရောက်ခဲ့ပါကြောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး/ရန်ကုန်)တို့မှ ကျောင်းသား/ကျောင်းသူများက နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြည်တွင်း/ ပြည်ပ ယဉ်ကျေးမှုဖလှယ်ရေး ဖျော်ဖြေတင်ဆက်မှုများ၊ နယ်လှည့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အခမ်းအနားများတွင် မြန်မာ့ယဉ်ကျေးမှုအနုပညာများဖြင့် ဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း။
စတုတ္တ (၁)နှစ်တာကာလအတွင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ အနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ဖော်ထုတ်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝိဇ္ဇာဘွဲ့(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်)၊ ဝိဇ္ဇာဘွဲ့ ဂုဏ်ထူးတန်း (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)၊ ဘွဲ့လွန်အနုပညာဒီပလိုမာဘွဲ့ (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု)၊ ဘွဲ့လွန်အနုပညာကွန်ပျူတာ ဒီပလိုမာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ (ပြတိုက်၊ ရှေး ဟောင်းသုတေသနပညာ၊ စာကြည့်တိုက်)၊ အချိန်ပိုင်း အနုပညာဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့ (Earn Degree)၊ မဟာဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့နှင့် ဂုဏ်ထူး ဆောင်ပါရဂူဘွဲ့တို့အတွက် ၁၆၃၂ ဦးကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)တို့မှ ဘွဲ့များပေးအပ်နိုင်ခဲ့ပါကြောင်း။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သာသနာရေးကဏ္ဍအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၄)နှင့်အညီ နိုင်ငံသားတိုင်းလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရှိရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၆၁)ပါ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသရှိသည့် ဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းရေး၊ တည်တံ့ရေး၊ ထွန်းကားပြန့်ပွားရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကုသိုလ်ယူရင်း နိုင်ငံတော်အစိုးရ၏ သာသနာရေး လုပ်ငန်းတာဝန်များကို တစ်ဖက်တစ်လမ်းမှ ပခုံးထမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်မှ မတူကွဲပြားသည့် ဘာသာဝင်များအချင်းချင်း အတူတကွချစ်ကြည်စွာ ရေရှည်ယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၆၃)အရ နိုင်ငံတော်မှ အသိမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ သာသနာရေးပဋိပက္ခများမှ စတင်သော မငြိမ်းချမ်းမှုများသည် နိုင်ငံရေးဖြစ်စဉ်များဆီသို့ ကူးပြောင်းရောက်ရှိ မသွားရေးအတွက် ပြည်ထောင်စု ဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရဟန်း၊ ရှင်၊ လူ(ဘာသာရေး ဆရာများ၊ ဘာသာဝင်အသီးသီးမှ ပြည်သူများ)၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ရခိုင်ပြည်နယ်ရှိ ယူနက်စ်စကို စာရင်းဝင်အဖြစ် ဆောင်ရွက်နေသည့်နေရာ နှစ်ခုအား လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယူနက်စ်စကို စာရင်းဝင်ဖြစ်အောင် ဆောင်ရွက်ရန် ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းနှင့် စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးကြည်မင်းက ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် Nomination Procedure Draft အား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပြုစာတွဲ Nomination Procedure Complete ပေးပို့ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအနက် ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀ ရာခိုင်နှုန်းကျန်ရှိနေပါကြောင်း၊ အဆိုပါ အစီရင်ခံစာ၏ ၂၀ ရာခိုင်နှုန်း၌ ဒေသခံပြည်သူများက လိုက်နာဆောင်ရွက်ရန် အချက်များပါရှိသဖြင့် မြေပြင်ကွင်းဆင်းကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ ၎င်းတို့၏ သဘောထားနှင့် အကြံဉာဏ်များ တောင်းခံရန် လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် UNESCO မှ ပညာရှင်အဖွဲ့ဝင်များ ပါဝင်ရမည်ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသည့် မြေပြင်အနေအထားအရ ကွင်းဆင်းသွားလာရန် အခက်အခဲရှိပါကြောင်း၊ နယ်မြေဒေသ အေးချမ်းလာသည့်အချိန်တွင် မိမိတို့ အနေဖြင့် ချက်ချင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် စေတီပုထိုးများ ဌာပနာဖောက်ခြင်းနှင့် မီးရှို့ခံရသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် စစ်ဆေးဆောင်ရွက်နေမှု၊ ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန် ကာလတွင် ဘာသာရေးဆိုင်ရာ ပဋိပက္ခများ မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်သွားမည့် အခြေအနေ၊ ပုဂံဒေသလုံခြုံရေးနှင့်ပတ်သက်၍ ဆက်လက်သုံးသပ် ဆောင်ရွက်သွားမည့် အခြေအနေနှင့် သံဆူးကြိုးကာရံကြသည့် စားသောက်ဆိုင်များ နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကာလတွင် ဘာသာရေးအရ စုဝေးမှုများကြောင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဦးဝီရသူနှင့် ဦးလှဆွေတို့အား အမှုဖွင့်တိုင်ကြားထားသော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးသည့်အပေါ် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊ ဘုန်းကြီးကျောင်းဝင်းများအတွင်း လူနေအိမ်တည် ဆောက်မှုများကို သာသနာရေးနှင့် လူမှုရေးအရ ရောထွေးမှုအပေါ် အရေးယူဆောင်ရွက်နေမှု အခြေအနေ၊ ဘုရားစေတီပုထိုးများ ပြန်လည်ဖွင့်လှစ်မည့် အချိန်ကာလတို့နှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများက မေးမြန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် စတုတ္ထ (၁) နှစ်တာကာလအတွင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများကို နှစ်ရှည် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၊ အမျိုးသားထောက်ပံ့ပို့ဆောင်ရေး ပင်မစီမံကိန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံ၏ ODA ချေးငွေ၊ နိုင်ငံတော်ဘဏ္ဍာငွေတို့ဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း၌ အတွင်းလမ်း၊ အပြင်လမ်း အပါအဝင် ဒွေးလမ်းအတွက် စုစုပေါင်းသံလမ်းမိုင် ၅၉ မိုင်ရှိပြီး (၉)ချောင်းဆက် သံလမ်းခင်းခြင်း၊ လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ တံတားတည်ဆောက်ခြင်းများ အနေဖြင့် (၅၁)မိုင်ခွဲ ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ရထားလမ်းပေါ်၌ ကျူးကျော်များမရှိအောင် ကာကွယ်ရန် မြို့ပတ်ဧရိယာ အုတ်တံတိုင်း ၄၂ မိုင် ခန့်နှင့် ခြံစည်းရိုးကာရံမှု ၈ မိုင်ခန့်ကို ယခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် အဆင့်(၂)ဆင့်ခွဲကာ ၂၀၁၇ ခုနှစ်မှ စတင်အကောင်အထည်ဖော်လျက်ရှိပြီး ပထမအဆင့် ရန်ကုန်နှင့် တောင်ငူအကြား ၁၆၆ မိုင် ဒွေးလမ်းကို အဆင့်မြှင့်တင်နေပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ဖြစ်နိုင်ခြေလေ့လာခြင်း၊ အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်း ကြီးကြပ်မှုအကြံပေးအဖွဲ့ကို တင်ဒါခေါ်ယူငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ကုန်ကျစရိတ် ဈေးနှုန်းများကို ညှိနှိုင်းစစ်ဆေးခြင်း စသည်တို့ကို ဆက်တိုက်လုပ် ဆောင်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး ဆောင်ရွက်ခဲ့၍ အပိုင်း(၁)တစ်ခုလုံးတွင် လေးထောင့်ပြွန်ပေါက် တံတားပေါင်း ၂၀၂ စင်း ပြင်ဆင်ရမည်ဖြစ်ပြီး တံတားကြီး ၃၅ စင်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ အဆင့်(၂)ဖြစ်သည့် တောင်ငူ - မန္တလေးအပိုင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ အသေးစိတ်ဒီဇိုင်းနှင့် ကုန်ကျစရိတ် တွက်ချက်မှုပြီးစီးနေပြီဖြစ်၍ တင်ဒါခေါ်ယူမှု လုပ်ငန်းဆောင်ရွက်နေပါကြောင်း၊ အဆိုပါ စီမံကိန်းတစ်ခုလုံးသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်နေပါကြောင်း။
မန္တလေး - မြစ်ကြီးနား လမ်းပိုင်းအဆင့်မြှင့်တင်ရာ၌ နမ့်ခမ်း - ဘုံချောင်းနှင့် မော်ဟန် - ကာဒူ လမ်းပိုင်းနေရာများသည် ခက်ခဲကြမ်းတမ်းသောလမ်းပိုင်းဖြစ်၍ ၎င်းအခက်အခဲများ ပြေပျောက်အောင် ကိုရီးယားအင်ဂျင်နီယာအဖွဲ့နှင့် ဖြစ်နိုင်စွမ်းကို နှစ်ကြိမ်ဆန်းစစ်ခဲ့ရာ ဥမင်တစ်ခု၊ တံတားကြီး တစ်စင်းနှင့် ဘူတာအသစ်နှစ်ခု တည်ဆောက်ရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဂျိုးထောင်မှ မဲဇာအထိ ၂၄ မိုင်၊ မော်ဟန် - ကာဒူ အထိ (၁၀မိုင်)နှင့် စုစုပေါင်း ၃၄ မိုင်ကို ကိုရီးယားသမ္မတနိုင်ငံ၏ ချေးငွေအမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် တည်ဆောက်ရန် လွှတ်တော်၏ ခွင့်ပြုချက်ရရှိပြီး ကိုရီးယားနိုင်ငံ EXIM Bank နှင့် ချေးငွေစာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
အလားတူ ရန်ကုန် - ပြည်လမ်းပိုင်းကို ADB ၏ ချေးငွေနှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် စီမံကိန်းဖြစ်မြောက်နိုင်မှု လေ့လာခြင်းနှင့် ချေးငွေညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူး - မော်လမြိုင်လမ်းပိုင်းကို ကိုးချောင်းဆက်သံ လမ်းဂဟေဆက်ခြင်းနှင့် ကျောက်ဖြည့်ပက်ကင်ရိုက်ခြင်းတို့ကို ပဲခူးမှ သထုံအထိ ဆောင်ရွက်ပြီးဖြစ်၍ သထုံ - မော်လမြိုင် လမ်းပိုင်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နှစ်အလိုက် ယာဉ်စီးရေများ လာသည့်အတွက် မှတ်ပုံတင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စာရင်းပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ယာဉ်မတော်တဆဖြစ်ပွားမှုများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ လျော့ချခဲ့ပါကြောင်း။
ရေကြောင်းပို့ဆောင်ရေးကဏ္ဍအနေဖြင့် ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်နှင့် (၆၈)နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၉၆၄ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများတွင် မြို့ကြီးများနှင့် လူနေထူထပ်သောနေရာများကို ဦးစားပေး၍ ဧရာဝတီ၊ ချင်းတွင်း၊ မူးနှင့် ဒုဋ္ဌဝတီ စသည့် မြစ်များတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကိုရီးယား EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃ သန်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေ ၇ ဒသမ ၉၄၂ သန်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူနှင့် ဗန်းမော်မြို့များတွင် ဆိပ်ကမ်းများ တည်ဆောက်ရန်ရှိပြီး ယခုနှစ်ထဲတွင် မန္တလေးဆိပ်ကမ်းကို ကွန်တိန်နာတင်ပို့နိုင်သော ပြည်တွင်းရေကြောင်းဆိပ်ကမ်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
အလားတူ မိမိတို့နိုင်ငံ၏ ပိုင်နက်နယ်မြေ မဆုံးရှုံးစေရန်အတွက် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော မြစ်/ချောင်းများ၏ မိမိဘက်ကမ်းများ မပြိုစေရန် အရေးကြီးသည့်နေရာများကို ဦးစားပေးအလိုက် မြေထိန်းနံရံများ တည်ဆောက်ခဲ့ရာ (၄) နှစ်အတွင်း ၇၆၅၃၂ ပေအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် ရန်ကုန်ဆိပ်ကမ်းအဝင် ရေလမ်းကြောင်း ရေရှည်ကောင်းမွန်စေရေးအတွက် သောင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ရေလမ်းကြောင်း တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီး Vessel Traffic Navigation Aid in Yangon River ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါကြောင်း၊ အနာဂတ်တွင် တိုးတက်လာမည့် ရေကြောင်းကုန်သွယ်မှုများကို မျှော်မှန်း၍ USAID ဖြင့် ပူးပေါင်းကာ ဆိပ်ကမ်းအခြေခံအဆောက်အအုံဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာမှုနှင့် Master Plan ရေးဆွဲခြင်းများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအထိ ဆောင်ရွက်လျက်ရှိပါကြောင်း။
လေကြောင်းပို့ဆောင်ရေးကဏ္ဍအနေဖြင့် လေကြောင်းခရီးသွားလာမှုတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ပြည်တွင်းလေဆိပ်များသို့ ၂၀၁၉ ခုနှစ်တွင် ခရီးသည် စုစုပေါင်း ၁၁ ဒသမ ၃ သန်းအထိ ဝင်/ထွက်ခဲ့ပါကြောင်း၊ ခရီးသွားလာမှုများသည့် ပြည်တွင်းလေဆိပ်များဖြစ်သော ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်း လေဆိပ်တို့ကို PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ မော်လမြိုင်လေဆိပ်သည် စီးပွားရေးကော်မတီက ခွင့်ပြုပြီးဖြစ်၍ စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေပါကြောင်း၊ သံတွဲလေဆိပ်ကို ယခုနှစ်နှင့် လာမည့်နှစ်များတွင် စင်လုံးငှားလေယာဉ်များ ဆင်းသက်နိုင်သော လေဆိပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်း၊ လေယာဉ်ပြေးလမ်း ထပ်ပိုးလွှာတင်ခြင်း၊ လေဆိပ်အဆောက်အအုံ (Terminal) ကို ခရီးသည်များဝင်ထွက်၍ ကောင်းမွန်စေရန် ပြုပြင်မွမ်းမံခြင်းများကို နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်နိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်း အနေဖြင့် ပြည်တွင်း ၂၈ မြို့နှင့် ပြည်ပခရီးစဉ်များအဖြစ် စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဟောင်ကောင်၊ ချန်ဒူး၊ ဂါယာသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းလျက်ရှိပါကြောင်း။
ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် ၂၀၁၃ ခုနှစ်ကစပြီး ပုဂ္ဂလိကပါဝင်မှုမြှင့်တင်ရန် စတင်ဆောင်ရွက်ခဲ့ရာ ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့် ပြည်ပကုမ္ပဏီ နှစ်ခုကို တစ်နိုင်ငံလုံး ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သည့် Nationwide Telecommunication လိုင်စင်များ ချထားပေးခဲ့ပါကြောင်း၊ အလားတူ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်းလိုင်စင် ၄ မျိုးရှိပြီး ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၂၀၅ ခုက ပါဝင်ဆောင်ရွက်နေပါကြောင်း။
Myanmar e-Governance Master Plan နှင့်အညီ အီလက်ထရောနစ်အစိုးရ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဦးဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာကဏ္ဍ (၃)ရပ်ကို ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာ၌ e-Government စနစ်တွင် အရေးကြီးသည့် Integrated Data Center ကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးအောင် လျာထားဆောင်ရွက်နေပါကြောင်း။
မြန်မာ့စာတိုက်လုပ်ငန်း၌ စာတိုက်ပေါင်း ၁၃၈၉ ခုရှိပြီး ၈၄၁ ခုသည် ငွေရေးကြေးရေး ပါဝင်ဆောင်ရွက်နိုင်သည့် စာတိုက်များဖြစ်ပါကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းကို ကမ္ဘာ့စာပို့ တိုက်သမဂ္ဂက စာတိုက်လုပ်ငန်း လွှမ်းခြုံနိုင်သည့်ဆောင်ရွက်ချက်များအပေါ် အမှတ်ပေးရာ၌ ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၂၆ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့်(၉၁) အထိ အဆင့်သတ်မှတ်ချက် မြင့်တက်လာပါကြောင်း၊ ထို့အတူ ဝန်ကြီးဌာနရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် စသည့် ဌာနအသီးသီးမှ သင်တန်းများ ပိုမိုဖွင့်လှစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနသည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက မူဆယ် - မန္တလေး ရထားလမ်း စီမံကိန်းနှင့် စပ်လျဉ်း၍ မေးမြန်းရာ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က မူဆယ် - မန္တလေး ရထားလမ်းသည် ယခုအချိန်တွင် ဖြစ်မြောက်နိုင်ချေလေ့လာမှု (Feasibility Study)ကို ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် လူနှင့်ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပတ်သက်၍ ဆက်လက်လေ့လာမှု ပြုလုပ်နေပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ထိခိုက်မှုမရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုစီမံကိန်းသည် ဒုတိယအကြိမ် ပြန်လည်စတင်ခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ဖြစ်မြောက်နိုင်ချေ လေ့လာမှု (Feasibility Study) ပြုလုပ်ခဲ့ပါကြောင်း။
မိမိတို့နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရှိမည့် လုပ်ငန်းဖြစ်မည် ဆိုပါက လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းအတွက် ဆွစ်ဇာလန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက Third Party အဖြစ် အကူအညီလာရောက်ပေးမည်ဖြစ်ပြီး အဆိုပါ Third Party က လမ်းအူကြောင်း တည်ရှိမှုမှအစ ဈေးနှုန်းများအထိ အားလုံးကို စိစစ်ပေးသွားမည်ဖြစ်ပါကြောင်း။
ထိုသို့ စိစစ်ပေးပြီး နိုင်ငံအတွက် အဆင်ပြေမှုရှိမှသာ မည်သို့ဆောင်ရွက်မည်ဆိုသည့် Method of Operation ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် နစ်နာမှုမရှိစေရန် သေချာစိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဒေသတွင်း အာဆီယံနိုင်ငံများ ဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားတွင် ဆောင်ရွက်ခဲ့သည့် ရထားလမ်းပိုင်းများကို လေ့လာပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့ နိုင်ငံနှင့် လူမျိုးအတွက် ကောင်းကျိူးများရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်လိုင်းများ ပိတ်ထားခဲ့ပြီး ပြန်ဖွင့်ပေးမှုအခြေအနေ နှင့်စပ်လျဉ်း၍ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အင်တာနက်လိုင်းများကို ၂၀၁၉ ခုနှစ် ဇွန်လတွင် မြေပုံမြို့နယ်၌ စတင်ပိတ်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကြားကာလတွင် မြို့နယ်တစ်ချို့ကို အင်တာနက်ပြန် ပိတ်ခဲ့ပါကြောင်း၊ နောက်ဆုံးအခြေအနေအရ မောင်တောမြို့နယ်တွင် မကြာသေးမီက ပြန်ဖွင့်ပေးခဲ့ပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်တချို့ကို ဩဂုတ် ၁ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားပါကြောင်း၊ ယင်းသို့ပိတ်ရခြင်းမှာ ဆက်သွယ်ရေးဉပဒေအရ အများပြည်သူအကျိုးကို ထိခိုက်နေသည့်အတွက် ပိတ်ထားရခြင်းဖြစ်ပြီး အများပြည်သူအကျိုးကို မထိခိုက်နိုင်ဟု သုံးသပ်နိုင်ပါက ပြန်လည်ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများတွင် Share ဖြစ်စေ၊ BOD ဖြစ်စေ ပါဝင်နေပါက အကျိုးစီးပွားရောထွေးမှုမရှိစေရန် စီမံဆောင်ရွက်ထားရှိမှု၊ ရန်ကုန်ဆိပ်ကမ်းတွင် X-Ray စက်များဖြင့် စစ်ဆေးဆောင်ရွက်နေမှု၊ Myanmar Cyber Scurity အနေဖြင့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ပူးပေါင်း၍ နည်းပညာအဆင့်မြှင့်တင်နေမှု၊ သံလွင်မြစ်ဝနှင့် ငဝန်မြစ်တို့တွင် ပြည်ပအလံ လွှင့်သင်္ဘောများ သောင်တူးသည့် လုပ်ငန်းများ လုပ်ကိုင်နေမှုနှင့် လုပ်ငန်းလုပ်ပိုင်ခွင့် ထုတ်ပေးထားသည့် အခြေအနေ၊ ရန်ကုန်မြစ်ကြောင်းရှင်းလင်းရေး ဆောင်ရွက်နေမှုနှင့် လုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူမှု အခြေအနေ၊ ယာဉ်လိုင်းများ ပုံမှန်ပြန်လည် ပြေးဆွဲမည့် အချိန်ကာလနှင့် ဟောင်းနွမ်းနေသည့် ဘူတာရုံများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
(ဟန်မျိုးစိုး၊ ကေတာ)


