နေပြည်တော် ၁၀ ဇွန်
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာနေ ဒေါ်ခင်သန်းနှင့်အဖွဲ့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် နှစ်(၂၀)စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာနေ ဒေါ်ခင်သန်းနှင့် မနန်းဆိုင်လောဝ်၊ လားရှိုးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပွဲစားတန်းလမ်းနေ စိုင်းလောက်လျှန်းနှင့် မနန်းအေးရင် (တိမ်းရှောင်)တို့သည် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာနေ မ----- ၊ ၂၁ နှစ်နှင့် မ----- ၊ ၁၇ နှစ်တို့အား တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ကျပ်တစ်ဆယ်သိန်းရမည်ဟု လိမ်လည်စည်းရုံး၍ မ xxx၊ ၂၁ နှစ်အား တရုတ်နိုင်ငံ၊ စန်တုံမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံသို့ လည်းကောင်း၊ မ----- ၊ ၁၇ နှစ်အား ကျန်းချုံမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံသို့ လည်းကောင်း ရောင်းစားခဲ့ပြီး အကျိုးအမြတ် ရယူခဲ့ကြသဖြင့် သီပေါမြို့မရဲစခန်း၊ (ပ) ၁၃၃/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ကျောက်မဲခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ဇွန် ၉ ရက်တွင် တရားခံ ဒေါ်ခင်သန်း၊ နန်းဆိုင်လောဝ်နှင့် စိုင်းလောက်လျှန်းတို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)အရ အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀)စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။
သတင်းစဉ်