မော်စကို ၁၀ ဇွန်

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့သည် ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြရာ လစ်ဗျားနိုင်ငံအတွင်း အရှိန်မြင့်မားလာသော ရန်လိုမှုများအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြကြောင်း သိရသည်။

 

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဆက်သွယ်ဆွေးနွေးစဉ် လစ်ဗျားနိုင်ငံအတွင်း ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ပြုလုပ်သော ကနဦးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်ကို ရှောင်လွှဲ၍မရသည့်အကြောင်းနှင့် လစ်ဗျားနိုင်ငံအတွင်း ညှိနှိုင်းဆွေးနွေးမှု စတင်ဆောင်ရွက်မှုအကြောင်းကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထို့အတူ ပူတင်နှင့် မာကယ်တို့သည် ယူကရိန်းပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မင်းစ်ခ်သဘောတူစာချုပ်နှင့် ၂၀၁၉ ခုနှစ်က ပြင်သစ်နိုင်ငံပါရီမြို့တွင် ကျင်းပပြုလုပ်သည့် “နော်မန်ဒီ-၄ ထိပ်သီးအစည်းအဝေး” ဟုခေါ်သော ယူကရိန်း၊ ပြင်သစ်၊ ရုရှားနှင့် ဂျာမနီနိုင်ငံတို့ပါဝင်သော ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုတွင် တိုးတက်မှုမရှိခြင်းအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

 

ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဆီးရီးယားနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိက ရှုထောင့်များနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ