mdn

နေပြည်တော် ၁၁ ဇွန်

 

အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ဇွန် ၉ ရက် ညပိုင်းက AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်  တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့တွင် သတင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ဇွန် ၉ ရက် ညပိုင်းတွင် A အကြမ်းဖက်သောင်းကျန်းသူများက အမြင့်ကျွန်းကျေးရွာ အနီးသို့ အရောက်၌ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

 

ဖြစ်စဉ်မှာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်သုံးစင်းသည် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဇွန် ၉ ရက် ည ၁၀ နာရီခန့်တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့ဘက်သို့ မြင်းဝါချောင်းအတိုင်း ထွက်ခွာလာစဉ်ည ၁၂နာရီခန့်တွင် အမြင့်ကျွန်းကျေးရွာအနီးသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ် များဖြင့် စတင်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေး လိုက်ပါလာသည့် တပ်ဖွဲ့ဝင်များနှင့် စစ်ရေယာဉ် များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြ ပါရှိသည်။

 

အဆိုပါဖြစ်စဉ်တွင် စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါနေရာတစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ၂၀၁၉ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင်လည်း စစ်တွေမြို့မှ ပလက်ဝမြို့သို့ စစ်သည်၊ မိသားစုများ စားသုံးရန်အတွက် ရိက္ခာပို့ဆောင်ခြင်းနှင့် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်ထွက်ခွာလာသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် များအား ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာနှင့် တင်းမကျေးရွာတို့အနီးမှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သတင်းစဉ်