မြိတ် ၁၁ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တစ်ဖက်ကမ်း ကျွန်းစုမြို့နယ် ပထော်ကျေးရွာတွင် နှစ်ပေါင်း (၇၀)ကျော်ကတည်းက  ရွာရှိအမျိုးသမီးများ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်လာသည့် တံမြက်စည်းလုပ်ငန်းကို ကုန်ကြမ်းဖြစ်သည့် ကျူပင်စျေးကျဆင်းမှုမရှိဘဲ ရောင်းအားကျဆင်းမှုကြောင့် လုပ်ကိုင်သူ နည်းပါးလာကြပြီး တချို့မှာ ရပ်နားထားကြကြောင်း သိရသည်။

 

“အရင်တုန်းက ကျူ(၁၀၀၀)ကို ၃၅၀၀ ကျပ်၊ ကုန်ချောဖြစ်တော့ (၅၀၀)ဈေးနဲ့ ရောင်းရပါတယ်။ အခုက ကုန်ကြမ်းက (၃၅၀၀)ကျပ်ပဲ ကုန်ချောဖြစ်တော့ (၄၅၀)ဖြစ်သွားတယ်။ တွက်ခြေမကိုက်တော့ ဝယ်ပြီးရင်းလို့ မနိုင်တော့ဘူး။ ရှိတဲ့အခါ ဝယ်ပါတယ်။ မရှိတဲ့အခါ နားပါတယ်။ သိုလှောင်ထားတာကုန်သွားတော့ ပြန်မလုပ်တော့ဘူး။ လူတစ်ဦး တစ်ရက် တံမြက်စည်းလုပ်တာ (၁၀၀)ကျော်ပြီးတဲ့သူတွေ ရှိတယ်။ ကျွန်မတို့က တစ်ပိုင်တစ်နိုင်လုပ်တော့ တစ်ရက်(၆၀)ခန့် စည်းပါတယ်။ ခန့်မှန်းခြေ (၁၀၀)လောက်ပြီးရင် အရင်က (၁၀၀၀၀)လောက်ကျန်ပါတယ်” ဟု  ဒေါ်သန်းမြင့်က ပြောသည်။

 

တံမြက်စည်းလုပ်သည့် ကျူပင်သည် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကုန်ကြမ်းစပေါ်ပြီး ဖေဖော်ဝါရီ လလယ်တွင် သက်တမ်းကုန်ဆုံးကြောင်း၊ ဖေဖော်ဝါရီ (၁၅) နောက်ပိုင်းထွက်တဲ့ ကျူပင်သည် တံမြက်စည်းပြုလုပ် အသုံးပြုသည့်နေရာတွင်  အသုံးပြုတဲ့နေရာမှာ  ကျွပ်ဆတ်တဲ့အပိုင်းဖြစ်၍ လှပသေသပ်မှုမရှိသည့်အတွက် ကုန်ကြမ်းတွေကို အဆိုပါကာလများမှာ ၀ယ်ယူသိုလှောင်ကြကြောင်း၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသူများသည် ဝယ်ယူသိုလှောင်ထားသည့် ကျူပင်များ ကုန်သွားသူများမှ ကုန်ကြမ်းဖြစ်သည့် ကျူပင်ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ တံမြင်စည်းရောင်းအား ကျဆင်းလျက်ရှိပြီး ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် လုပ်ကိုင်သူ နည်းပါးလာကြပြီး တချို့မှာ ရပ်နားထားကြကြောင်း တံမြက်စည်းလုပ်ကိုင်နေသူများထံမှ သိရသည်။


    
“ကိုဗစ်-၁၉ ဖြစ်တဲ့ကာလမှာ ဈေးရောင်းရ ပါးသွားပါတယ်။  လိုက်ရွက်ရောင်းရတာ  ဆိုင်တွေကလည်း ပိတ်ထားတော့ သူတို့မရောင်းရတော့ ကျွန်မတို့ဆီက ပြန်မဝယ်ဘူး။ ရောင်းရ အေးပါတယ်။ ရောင်းရအေးနေတဲ့အခါကျတော့ အဆင်မပြေဘူး။ မရောင်းရတဲ့ရက်တွေမှာ အမြတ်တော့ မရ၍ အရှုံးတော့မရှိပါဘူး။ ခါတိုင်း တံမြက်စည်းချောင်း (၁၀၀)ရွက်ရောင်းတာ (၁၀၀)လုံးကုန်တယ်။ အခု(၅၀) ရွက်ရောင်းတာတောင် မကုန်ပါဘူး။ လိုက်ရွက်ရောင်းရတာ မရောင်းရတော့ လျော့ပြီးရောင်းရတာမျိုးရှိတယ်။ ခါတိုင်း(၆၀၀)ကျပ်ရောင်းရတဲ့ နေရာမှာ အခု(၅၀၀)ကျပ်ပဲ ရောင်းရပါတယ်” ဟု ဒေါ်အေးအေးမာက ပြောသည်။

 

တံမြက်စည်းသည် အိမ်မှာနေထိုင်ရင်း အိမ်မှုကိစ္စလုပ်ရင်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရသည့်လုပ်ငန်းဖြစ်ရာ တံမြက်စည်းလုပ်သည့် ကျူပင်ကို ကုန်ကြမ်းပေါ်သည့် လများတွင် တစ်ပိုင်တစ်နိုင် ဝယ်ယူစုဆောင်ကြခဲ့ကြပြီး တံမြက်စည်း ကုန်ချောပြုလုပ်၍ ရောင်းချကြရာ ဈေးနှုန်းကျဆင်းသဖြင့် တချို့မှာ ရပ်နားခဲ့ကြရာ လက်ရှိအချိန်တွင် တံမြက်စည်းလုပ်ငန်း လုပ်ကိုင်သူ (၃၀)ခန့်သာရှိကြောင်း သိရသည်။

 

“အရင်တုန်းက တံမြက်စည်းကို မောတောင်နှင့် မြိတ်ကို တအားတင်ရတယ်။ အခုနောက်ပိုင်းမှာ မြိတ်မှာပဲ ခေါင်းရွက်တွေလောက်ပဲ အဆင်ပြေတယ်။ မောတောင်အဆင်မပြေဘူး။ မောတောင်ကို တင်နေတာက အချောင်း(၃၀၀)လောက်တင်လိုက်ရင် တစ်သိန်းကျော်ရရင် ကိုယ့်အတွက် သုံးသောင်းကျော်စားရတယ်။ အခုခါမျိုးမျာ မစားရဘူး။ ကျွန်မကတော့ ကိုယ့်အိမ်မှာနေရင်း ဆက်လုပ်မယ်။ ကျကျတက်တက်ပေါ့။ ဒီလိုမျိုးပဲဆုံးဖြတ်ထားပါတယ်။ ကိုဗစ်-၁၉ ပြီးသွားရင် လမ်းကြောင်းတွေ ပြန်ကောင်းမယ်။ အဲဒါဆို ကိုယ့်မိသားစုအတွက် အဆင်ပြေသွားမယ်” ဟု ဒေါ်မြင့်ကြူက ပြောသည်။

 

တံမြက်စည်းများကို ထိုင်းနိုင်ငံသို့ မောတောင်လမ်းမှ ပေးပို့ကြကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကာလ၌ မောတောင်လမ်းဖြင့် တင်ပို့မရ၍ ဖောက်သည်များမှ မယူကြသဖြင့် မြိတ်မြို့တွင် လိုက်လံရောင်းချသူများသာရှိကြောင်း၊ တချို့မှာ ကိုဗစ်-၁၉ စဖြစ်ကတည်းက ရပ်နားထားသည်မှာ (၃)လခန့်ရှိပြီဖြစ်ကြောင်း တံမြက်စည်းလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။ ပထော်ကျေးရွာသည် မြိတ်မြို့တစ်ဖက်ကမ်းတွင် တည်ရှိကာ အိမ်ခြေ(၅၀၀)ခန့်ရှိပြီး အဆိုပါကျေးရွာတွင် ဒေသခံများမှ ရေလုပ်ငန်း၊ ဥယျာဉ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် ကုမ္ပဏီဝန်ထမ်း လုပ်ကိုင်လျက်ရှိကြသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)