ဂန့်ဂေါ ၁၁ ဇွန်
ဂန့်ဂေါမြို့နယ်တွင် မိုးသီးနှံများ စိုက်ပျိုးနေပြီဖြစ်ရာ တောင်သူများလိုအပ်နေသည့် စိုက်ပျိုးရေး နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက Field and Home Visit စနစ်ဖြင့် ကွင်းဆင်းပညာပေးနေသကဲ့သို့ social media ကို အသုံးပြု၍လည်း ဆက်သွယ်ချိတ်ဆက် ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပညာပေးလျက်ရှိရာတွင် ဇွန် ၁၀ ရက် နံနက်ပိုင်းက ဇာဟောကျေးရွာရှိ မိုးနှမ်းစိုက်ခင်းများတွင် ပိုးကျရောက်မှုကို တောင်သူများက viber messenger မှတစ်ဆင့် ဆက်သွယ်အကူအညီတောင်းလာသဖြင့် viber messenger ဖြင့်ပင် သက်ဆိုင်ရာကွင်းဝန်ထမ်းများအား ချက်ချင်းချိတ်ဆက်ကာ ကွင်းဆင်းစစ်ဆေး ကူညီပေးရန် တာဝန်ပေးစေလွှတ်ခဲ့ကြောင်းနှင့် အောင်မြင်ကျေးရွာမှ တောင်သူတစ်ဦးကလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းနည်းများကို ပညာပေးဆွေးနွေးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် တောင်သူများအား ထိရောက်စွာ အကူအညီပေးနိုင်ရန် တယ်လီဖုန်း၊ Viber Messenger, Facebook Messenger, Facebook Page များ အသုံးပြုလျက် တောင်သူများနှင့် ချိတ်ဆက်ကာ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်သန်းဆွေ (၁၄၄)


