ပဲခူး ၁၁ ဇွန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ချက်ကောင်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိနေသည်ကို သိရှိရပါကြောင်း၊ ယခုလာရောက်ပေးအပ်သည့် စာစောင်များမှတစ်ဆင့် အစိုးရဌာနဆိုင်ရာများ၊ ကျောင်းသားသူငယ်များ၊ တက္ကသိုလ်အဆင့် ကျောင်းသားကျောင်းသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာဗဟုသုတများ တိုးပွားလာစေနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုကို မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစောင်များ လွှဲပြောင်းပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက အများပြည်သူဘဝများ သာယာဝပြောရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းတို့ကို အများပြည်သူနှင့် လက်တွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့် ဆရာကိုင်စာအုပ် အုပ်ရေ(၄)သောင်းကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အလယ်တန်းအဆင့် ဆရာကိုင်စာအုပ် အုပ်ရေ(၄)သောင်းကိုလည်းကောင်း ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာဆောင်များကိုလည်း ပုံနှိပ်ထုတ်ဝေပေးခဲ့ပြီးဖြစ်၍ မကြာခင် ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုလွှဲပြောင်းပေးအပ်သည့် စာစောင်များသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(United Nation Office on Drugs and Crime-DNODC)၏ University Module Series မှ အဓိကကျသော အကြောင်းအရာများကို အစိုးရဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စိတ်ပါဝင်စားသူများ၊ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာဘာသာသို့ ပြန်ဆိုကာ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကို သုံးသပ်၍ စနစ်တကျ ရေးသားပြုစုထားသော စာစောင်များဖြစ်ကြောင်းနှင့် ယင်းစာစောင်များအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့် စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍများမှာ ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်သိက္ခာနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ရည်ညွှန်းစာစောင်(၁၄)စုံကို လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ထံသို့ ရည်ညွှန်းစာစောင်(၈၀)စုံကို လည်းကောင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေးတို့ထံသို့ ရည်ညွှန်းစာစောင်(၅)စုံကို လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ရည်ညွှန်းစာစောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်တတ်စေရန်၊ အခြေခံစည်းကမ်း မူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသူများဖြစ်လာစေရန်၊ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်နှင့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများအတွက် အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုးတိုးတက်လာစေရန်အပြင် နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးရန်တို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးဇော်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးနိုင်နှင့် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


