ပုလဲ ၁၁ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း မြောက်ယမားရေလေှာင်တမံ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ပုလဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးကျော်စိုးအောင်ထံမှ သိရှိရသည်။
မြောက်ယမားရေလောင်တမံ၏ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းကို လက်ထောက်ညွှန်ကြားရေးမှူးရုံး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မုံရွာမြို့မှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအကောက်အကူပြုစီမံကိန်းဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးမှုအနေဖြင့် ၈၀ ရာခိုင်နှုန်း အထိပြီးစီးနေပြီဖြစ်ပါကြောင်း၊ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းနှင့်အတူ တူးမြောင်းများရေရှည်တည်တံ့နိုင်စေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအသုံးချသူများအဖွဲ့သည် တောင်သူများအား တွေ့ဆုံပြီး ဆည်ရေကို အလေအလွင့်နည်းစွာ အကျိုးရှိရှိစနစ်တကျ သုံးစွဲနိုင်ရေးနှင့် ရေလိုအပ်ချက်နည်းသော စိုက်ပျိုးနည်းစနစ်များကို အသုံးပြုလာနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်လက် ပြောကြားသည်။
အလားတူ မင်းမအရှေ့ကျေးရွာ မြောက်ယမားရေလောင်တမံ မူလမြောင်းမကြီး၏ ရေပေးမြောင်းလက်တံအမှတ်(၅)အနီး၊ ရေအသုံးချသူများအဖွဲ့အမှတ်-၃ နှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစိုက်ပျိုးချိန်အမီစိုက်ပျိုးနိုင်ရေး ရေသွင်းမြောင်းများပြုပြင်ပေးလျက်ရှိပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးကျော်စိုးအောင်က ပြောကြားသည်။
မွှေးကြူဇင် (မုံရွာကိုယ်ပွား)


