ရန်ကုန် ၁၁ ဇွန်
နေထိုင်ရာ ပတ်ဝန်းကျင်တွင် ပလတ်စတစ်အမှိုက်ကင်းစင်စေရန် ပလတ်စတစ်အမှိုက်နှင့် ဟင်းသီးဟင်းရွက်များ အပါအဝင် စားသောက်ကုန်များကို ကိုဗစ်-၁၉ ကာလအတွင်း လဲလှယ်ပေးလျက်ရှိကြောင်း တောင်တွင်းကြီးမြို့ စားနပ်ရိက္ခာထောက်ပံ့ရေးစင်တာ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုအောင်ကျော်ကျော်က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အစားအသောက် အခက်အခဲဖြစ်နေသော ပြည်သူများ အဆင်ပြေစေရန်၊ မြို့တွင်း/မြို့ပြင်လည်း ပလတ်စတစ်အမှိုက်ကင်းစင်စေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း သီးနှံထွက်ကုန်များ ရောင်းချရာတွင် တောင်သူများလည်း အဆင်ပြေပြီး ဝင်ငွေရရှိစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အဆိုပါအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပလတ်စတစ်အပါအဝင် အမှိုက်များနှင့် စားသောက်ကုန်များ လှယ်လှဲပေးမှုကို ဇွန် ၁ ရက်မှစတင် ဆောင်ရွက်ခဲ့ပြီး ယခုဆိုလျှင် သုံးကြိမ်မြောက်အထိ လဲလှယ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ လဲလှယ်ရာတွင် ပလပ်စတစ်အမှိုက် တစ်ထုပ်နှင့် ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ သရက်သီး၊ ငါးသေတ္တာဗူး၊ ဖူဂျီဆပ်ပြာကရင် ကော်ဖီ စသည်တို့အပြင် အဓိက ဟင်းချက်စရာအသီးအရွက်များနှင့် လဲလှယ်ပေးခြင်း ဖြစ်သည်။
ထိုသို့လဲလှယ်ရာတွင် တစ်ကြိမ်လျှင် လာရောက်လဲလှယ်သူဦးရေ ၅၀၀ ကျော်ရှိပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ အမှိုက်ကားနှစ်စီးစာခန့်ရှိသည့် ပလတ်စတစ်အမှိုက်များကို သိမ်းဆည်းစွန့်ပစ်ပေးနိုင်သည်ဟု စားနပ်ရိက္ခာ ထောက်ပံ့ရေးစင်တာမှ ကိုအောင်ကျော်ကျော်က ပြောသည်။
ပလတ်စတစ်အမှိုက်နှင့် ဟင်းသီးဟင်းရွက် လဲလှယ်ပေးသည့်အစီအစဉ်ကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။ တောင်တွင်းကြီးမြို့၏ စွန့်ပစ်အမှိုက်ပုံကြီးနှစ်ပုံနှင့် ဝေးသောနေရာ၊ ဆင်းရဲချို့တဲ့သူများ အများဆုံးနေထိုင်သော နေရာများတွင် အထူးသဖြင့် ရွေးချယ်စတင် ဆောင်ရွက်နေခြင်းကြောင်း သိရသည်။
ယင်းအစီအစဉ်ကို တောင်တွင်းကြီးမြို့၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လေ့ရှိသည့် တိုက်သစ်ကျောင်းဆရာတော် ဦးပညာဝုဓ၊ ဒေါက်တာကျော်ဆွေနှင့် ကိုအောင်ကျော်ကျော်တို့က ဦးဆောင်၍ စတင် အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ကနဦး ဦးဆောင်သူများ၏ ငွေကြေးဖြင့်သာ စိုက်ထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခု နောက်ပိုင်းတွင် စေတနာရှင်ပြည်သူများ၏ အလှူငွေများဖြင့် ဆက်လက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)


