ကျိုင်းတုံ  ၁၁  ဇွန်

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ယနေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် ကတ်တောင်၊ မိုင်းဇင်း၊ မိုင်းခွန်ကျေးရွာအုပ်စုများရှိ အခြေခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ်လီမိတက်နာယက ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက်နှင့် ဟိုခုံပရိယတ္တိစာသင်တိုက်များသို့ စားနပ်ရိက္ခာနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျိုင်းတုံမြို့ ရှမ်းချယ်ရီပရဟိတပညာရေးဂေဟာကျောင်း အတွက် အလှူငွေကျပ် သိန်း ၃၂၀ နှင့် တိုင်းရင်းသားကျောင်းသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းသည်။

 

ထို့နောက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကျိုင်းတုံမြို့နယ် ကတ်တောင်၊ မိုင်းဇင်းနှင့် မိုင်းခွန်ကျေးရွာအုပ်စုများရှိ အခြေခံပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် စားနပ်ရိက္ခာများနှင့် ငွေကျပ် တစ်သောင်းစီ ထောက်ပံ့လှူဒါန်းသည်။   

 

ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကြိုတင်ကာကွယ်ရေး ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီစေတနာ့ဝန်ထမ်းများအတွက် အလှူငွေကျပ် သိန်း ၃၀ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)