နေပြည်တော်  ၁၁  ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ၊ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန်အဖွဲ့တို့နှင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conference ဖြင့်ပြုလုပ်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူ (IDP) များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ခုနှစ် မေ ၈ ရက်တွင် ဖွဲ့စည်းကာ ကချင်ပြည်နယ်အတွင်းရှိ (IDP) စခန်းများ ပိတ်သိမ်းရေး အတွက် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေး ပိတ်သိမ်းရမည့်စခန်းများ ရွေးချယ်ခြင်း၊ ပြန်လည်နေရာချထားမည့်နေရာများ ရွေးချယ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲပြီးဖြစ်ကြောင်း၊ နေရပ်စွန့်ခွာရသူ(IDP) များအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ရရှိရေး တို့ကိုဆောင်ရွက်ပေးနေကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ၏ ဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များတွင်လည်း ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်ပေးရန် ပါဝင်ကြောင်း၊ The Nippon Foundation ၏ ကူညီထောက်ပံ့မှုဖြင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) က (IDP) စခန်းများမှ မိသားစုများ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေး စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် NRPC ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသမီးများအတွက် Vocational Training များ ရရှိရေး ပိုမိုအလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတွင် အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားလျက်ရှိသော အမျိုးသမီးအဖွဲ့ (၁၁) ဖွဲ့ ပါဝင်ကြောင်း၊ နေပြည်တော်ကောင်စီတိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်တွင် အမျိုးသမီးကော်မတီများ ဖွဲ့စည်းထားရှိရာ ကချင်ပြည်နယ် အမျိုးသမီး ကော်မတီတွင်လည်း ထိုအမျိုးသမီးအဖွဲ့အစည်းများ ပါဝင်လျက်ရှိသဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့ရသော အခက်အခဲများကို ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရ၊ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်ဒေသ တိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက် ရေးကော်မတီ (KHCC)၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက အချင်းချင်း ယုံကြည်မှုတည်ဆောက်၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဂျပန်အစိုးရနှင့် The Nippon Foundation မှ လှူဒါန်းသောအမေရိကန်ဒေါ်လာ(၅)သန်းဖြင့် (IDP) မိသားစု ၅၀၀ မှ အိမ်ထောင်စု ၁၈၃ စုကို ရှေ့ပြေးနေရပ်ပြန်ရေး၊ စံပြပြန်လည်နေရာချထားရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ လှူဒါန်းငွေများနှင့်စပ်လျဉ်း၍ စီမံကိန်းသဘောတူညီချက်တွင် ချုပ်ဆိုထားသည့်အတိုင်း လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရ၏ပူးပေါင်းပံ့ပိုးကူညီမှုများ လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများက ကဏ္ဍအလိုက် ဆွေးနွေးရာတွင် ရှေ့ပြေးပြန်လည်နေရာချထားရေး အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များ၊ ကနဦး စားနပ်ရိက္ခာ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များကို အစိုးရက ပံ့ပိုးကူညီ ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ကချင်ဒေသတိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)နှင့်လည်း ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ IDP စခန်းများ ပိတ်သိမ်းရေးနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

 

သတင်းစဉ်