နေပြည်တော် ၁၁  ဇွန် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ယမန်နေ့နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ ကြူဆော့၊ လီဆူ၊ ကချင်နှစ်ခြင်း IDP စခန်း စုစုပေါင်း(၃)ခုသို့သွားရောက်၍ Hand Speaker (၃)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၃)ခုတို့အား ထောက်ပံ့ခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ ဆမီးမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း(၇)ခုသို့ သွားရောက်၍ ဗီနိုင်း(၁၄)ခုအား လည်းကောင်း၊    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘောဒူဖ(၁)၊ ဒါးပိုင်၊ သက္ကေပြင် IDP စခန်း (၃)ခုနှင့် မင်းပြားမြို့နယ်ရှိ ကျွန်းတော ရွှေဖောင်တောဘုန်းကြီးကျောင်း၊ ရွာသစ်ကေဘုန်းကြီးကျောင်း၊ နရမ်းရွာကြီးဓမ္မာရုံ၊ နရမ်းအုပ်စုဘုန်းတော်ကြီးကျောင်း၊ သေကန်ဘုန်းတော်ကြီးကျောင်း၊ အမ်းသားဘုန်းတော်ကြီးကျောင်း စုစု‌ပေါင်းတိုက်ပွဲရှောင် စခန်း(၆)ခုသို့ သွားရောက်၍ ဆပ်ပြာ (၂၃၆၉)တောင့်၊ အဝတ် Mask (၄၇၃၈)ခု၊ လက်သန့်ဆေးရည် ဘူး(၁၁၈၀)၊ အပူချိန်တိုင်းကိရိယာ (၆)ခု၊ ဗီနိုင်း(၁၇)ခု၊ Hand Speaker (၆)ခု ဆပ်ပြာခဲ(၃၅၀ဝ)၊ ဆပ်ပြာရည်(၈၆)ဘူး၊ Surgical Mask (၃၅၀ဝ)နှင့် ကိုဗစ် -၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick(၆)ခုတို့ အား ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)