ကျိုင်းတုံ ၁၁ ဇွန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ယနေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ရှမ်း၊ လားဟူ၊ လားဟူရှီ၊ ဝ၊ အာခါ၊ လွယ်၊ အဲန်စသည့် တိုင်းရင်းသားများ နေထိုင်ရာ ဒေသများသို့သွားရောက်၍ အခြေခံပြည်သူများအား ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ပါဝင်သည့်စားနပ် ရိက္ခာများထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ယင်းသို့ သွားရောက်ထောက်ပံ့လှူဒါန်းရာ၌ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက်သို့လည်းကောင်း၊ ဟိုခုံကျောင်းတိုက်သို့လည်းကောင်း ရောက်ရှိပြီး ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ရှမ်းချယ်ရီပရဟိတကျောင်းသို့ ရောက်ရှိကာ အဲန်၊ လားဟူ၊ အာခါ၊ လွယ်၊ ရှမ်းစသည့်တိုင်းရင်း သားကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီကို ပေးအပ်လှူဒါန်းပြီး ရှမ်းချယ်ရီပရဟိတကျောင်းအတွက် ရှမ်းပြည်နယ်ဝန်ကြီး ချုပ်က ငွေကျပ်သိန်း ၂၀၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက ငွေကျပ်သိန်း ၃၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကထောင်ကျေးရွာသို့ ရောက်ရှိပြီး အဲန်၊ လားဟူ၊ အာခါ၊ ရှမ်းတိုင်းရင်းသားအခြေခံ ပြည်သူများအား စားနပ်ရိက္ခာထုပ်များ နှင့် ငွေကျပ် ၁၀၀၀၀ စီကိုလည်းကောင်း၊ ဂျိုးဖြူကျေးရွာတွင် “ဝ” တိုင်းရင်းသားအခြေခံပြည်သူများ အားစားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀)စီကို လည်းကောင်း၊ မိုင်းခွန်ကျေးရွာတွင် လားဟူ၊ လားဟူရှီ၊ အာခါတိုင်းရင်းသား အခြေခံ ပြည်သူများအားစားနပ် ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီကိုလည်းကောင်း၊ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ဗုဒ္ဓဥယျာဉ်သို့ ရောက်ရှိပြီး ဝစီပိတ်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှုဒါန်းခဲ့ကြကြောင်း သိရသည်။
စိုးညွှန့်ရွှေ(ပြည်နယ် ပြန်/ဆက်)


