နေပြည်တော် ၁၁ ဇွန်
Covid-19 Economic Relief Plan(CERP) တွင်ပါရှိသော လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှုအား တုန့်ပြန်မည့် အစီအစဉ် Action Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာတက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှုအား တုန့်ပြန်ဆောင်ရွက်ရာ ၌ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ အသေးစား ကုန်ထုတ်လုပ်မှုကဏ္ဍများပါဝင်သည့် ဘက်စုံထောင့်စုံမှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် အစီအမံများကိုလည်း ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


