ရန်ကုန်  ၁၁   ဇွန်

 

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ကုန်ဈေးတန်းလမ်း(အလယ်ဘလောက်) တိုက်အမှတ် ၂၄၈ ၊ ၄ ခန်းတွဲ ၃ ထပ်တိုက် အဆောက်အဦ၏ ဒုတိယထပ် ကြမ်းခင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းအဆောက်အဦမှာ နှစ် ၁၀၀ နီးပါး သက်တမ်းကြာမြင့်နေပြီး ဒုတိယထပ်နေ ဒေါ်ဥမ္မာသက်၏နေအိမ် တိုက်ခန်းမီးဖိုဆောင် ကွန်ကရစ်ကြမ်းခင်း (အလျား ၁၅ ပေ၊ အနံ ၈ ပေခန့်)မှာ ပထမထပ်တွင် နေထိုင်သော ဦးစိန်လွင်၏ နေအိမ်တိုက်ခန်းမီးဖိုဆောင်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကွန်ကရစ်ကြမ်း ခင်းပြိုကျမှုကြောင့် ဦးစိန်လွင်အိမ်မှ မီးဖိုချောင်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်ပွားရာနေရာသို့ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ တိုင်း နှင့် အနောက်ပိုင်းခရိုင်တို့မှ ကွတ်ကဲမှုယာဉ်တစ်စီးစီနှင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလာရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း (ကမာရွတ်)