နေပြည်တော် ၁၁ ဇွန်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်စျေးသို့ စျေးဝယ်ရန် သွားရောက်စဉ် အမျိုးသား ၈ ဦးခန့်က ၎င်းတို့နှစ်ဦးအား ဓားနှင့်သံတုတ်များဖြင့် ဝိုင်းဝန်းထိုးနှက်ရိုက်ပုတ်ပြီး စစ်သည်အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးတို့သည် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် စျေးဝယ်ရန် မြို့သစ်စျေးသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်း၍ သွားရောက်ခဲ့ကြောင်း၊ မြို့သစ်စျေးအနီး အေးစေတီလမ်းဆုံ၌ ဆိုင်ကယ်ရပ်နား၍ စျေးဝယ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပြီး တစ်ဦးမှ အရာရှိအား ဓားဖြင့်ထိုးရာ အရာရှိမှ ပြန်လည်ခုခံ၍ ပါလာသည့်ပစ္စတိုသေနတ်ဖြင့် ထုတ်ချိန်စဉ် ကျန် ၇ ဦးခန့်က သံတုတ် များဖြင့် အရာရှိနှင့် စစ်သည်အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း။
ပတ်ဝန်းကျင်မှ အရပ်သားများ ဝိုင်းအုံလာသဖြင့် ခုခံရုန်းကန်နေသောအရာရှိထံမှ ပစ္စတိုသေ နတ်ကိုလုယူပြီး အရိုက်ခံရသဖြင့် လဲကျမေ့မျောနေသော စစ်သည်အား ဖမ်းဆီးခေါ်ဆောင်ကာ ဆိုင်ကယ် ၅ စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါအရာရှိတွင် ဓားထိုးခံရခြင်း၊ သံတုတ်ဖြင့် ရိုက်နှက် ခံရခြင်းတို့ကြောင့် မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် လိုအပ်သော ဆေးကုသမှုခံယူစေလျက်ရှိကြောင်း။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် AA အကြမ်းဖက်သောင်း ကျန်းသူများ၊ ယင်းတို့နှင့် ဆက်စပ်ပတ်သက်သူများ ဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ လုပ်ထုံး လုပ်နည်းနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် စစ်သည်အား ပြန်လည်ရရှိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


