ကလေးဆိုသည်မှာ လူ့ဘဝဖြစ်တည်မှု၏ အစ၊ ကိုယ်ရောစိတ်ပါ ငယ်ရွယ်နုနယ်သေးသည့်အရွယ်ဖြစ်သည်။ ကလေးဘဝသည် အမိ အဖတို့၏အရိပ်အာဝါသအောက်တွင် အကြင်နာမေတ္တာတို့ကို ခံစား ကြရင်း ကျန်းမာပျော်ရွှင်စွာ ဆော့ကစား၊ အာဟာရပြည့်ဝစွာ စားသောက်၍ ပညာသင်ကြားရမည့်အရွယ်ရောက်လာသည့်အခါ ပညာသင်ကြားကြပြီး ရှင်သန်ကြီးပြင်းကြရမည့် အနာဂတ်ဘ၀ခရီး အတွက် ပြင်ဆင်ကြရခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းအခွင့်အရေး၊ အခွင့်အလမ်းတို့ကို ကလေးတိုင်း အပြည့်အ၀ရရှိကြသည်မဟုတ်။ ကလေးတိုင်း အမိအဖတို့နှင့် ပျော်ရွှင်စွာနေထိုင်ခွင့်မရ။ ကလေးတိုင်း အာဟာရပြည့်ဝစွာ စားသောက်ခွင့်မရ။ ကလေးတိုင်း ပညာ သင်ကြားခွင့်မရ။ မရခြင်းတို့၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲ နွမ်းပါးမှုကြောင့်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ၁၅၂ သန်းသော အရေအတွက်ရှိ ကလေးများ အလုပ်လုပ်နေကြရသည်။ ယင်းအရေအတွက်မှာ မြန်မာနိုင်ငံ လူဦးရေ၏ နှစ်ဆခွဲ သုံးဆခန့်ရှိနေသည်။ အဆိုပါ ကလေးအလုပ် သမားများအနက်မှ ၇၃ သန်းခန့်တို့မှာ ဘေးအန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်နေကြရခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်လည်း ကလေးအလုပ်သမား ၁ ဒသမ ၂ သန်းရှိပြီး ယင်း၏ထက်ဝက်ဖြစ်သော ကလေးအလုပ်သမားခြောက်သိန်းခန့်မှာ အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။ အသက် ငါးနှစ်မှ ၁၇ နှစ်အထိ အရွယ်ရှိသော ကလေး အလုပ်သမားများမှာ လယ်ယာလုပ်ငန်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ အိမ်ဖော်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နေကြရသည်။ ဘေးအန္တရာယ်ရှိသည့် အလုပ်များဟုဆိုရာတွင် အပူအအေး လွန်ကဲခြင်း၊ အခိုးအငွေ့နှင့် ဖုန်အမှုန်များကို ရှူရှိုက် ရခြင်း၊ အမြင့်တက်ရခြင်း၊ ဆူညံသံများခြင်း၊ အလုံပိတ်ခန်းများတွင် လုပ်ကိုင်ရခြင်းကဲ့သို့သော လုပ်ငန်းခွင်အခြေအနေများဖြစ်ပြီး ကလေးအလုပ်သမားများအပေါ် လုပ်အားနှင့်လုပ်ခခေါင်းပုံဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကဲ့သို့ မတရားပြုမူမှုများကို အကာ အကွယ်ပေးရန် လိုအပ်ကြောင်း သိရသည်။

ပညာသင်ကြားရမည့်အရွယ်ကလေးငယ်များ လုပ်ငန်းခွင်များသို့ ရောက်ရှိလာကြရခြင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်သည်။ မိသားစု ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးအတွက် အရွယ်မတိုင်မီ အလုပ်လုပ်ကြရခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံ တွင် ကလေးအလုပ်သမား၏ ဝင်ငွေကပင် မိသားစုအတွက် အဓိက ဝင်ငွေဖြစ်နေတတ်သည်ကိုလည်း တွေ့ရသည်။ သို့ဖြစ်ရာ ကလေး အလုပ်သမားပပျောက်ရေးအတွက်၎င်းအား လုပ်ငန်းခွင်မှ ဖယ်ရှား ခြင်းက မှန်ကန်သည့် အဖြေမဟုတ်ကြောင်း တွေ့ရှိနိုင်သည်။ အဓိက အကြောင်းရင်းများဖြစ်သည့် ဆင်းရဲမွဲတေမှု၊ မိသားစုဝင်ငွေရရှိရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းမရှိမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ စစ်မက်ဘေးကြောင့် ရပ်ရွာကို စွန့်ခွာကြရမှု စသည့် ရေသောက်မြစ်များကို ဖြတ်တောက်ပစ်နိုင်မှသာ ကလေးအလုပ် သမား လျော့နည်းပပျောက်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလတွင် အဆိုးဆုံးအခြေအနေသို့ ကျရောက်နေရာ ယင်း၏ ဆိုးကျိုး သက်ရောက်မှုက ကမ္ဘာတွင် နောက်ထပ်ကလေးအလုပ်သမားများ သန်းနှင့်ချီ၍ တိုးပွားလာနိုင်သည်ဟူ၍ တွက်ဆထားကြသည်။ သို့ဖြစ်ရာ ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကလေးအလုပ်သမား ပပျောက်ရေးနေ့ ဆောင်ပုဒ်ကို “covID-19: Protect Children from Child Labour, Now more then Ever" “ကိုဗစ် - ၁၉ ၊ ကလေးများအား ကလေးအလုပ်သမားမဖြစ်စေဖို့၊ ယခင်ကထက်ပိုတိုးလို့၊ ယခုပင် ကာကွယ်စို့” ဟူ၍ သတ်မှတ်ပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် ဦးတည်ချက်ချမှတ် ထားသည်။

ဆင်းရဲနွမ်းပါးမှုနှင့် ပညာရည်နိမ့်ကျမှုအခြေခံရှိနေသော ကလေး များကို ၎င်းတို့၏ ဝင်ငွေရလုပ်ငန်းခွင်များမှ ဖယ်ရှားလိုက်ခြင်းက မူးယစ်ဆေးဝါးနှင့် ဒုစရိုက်နွံထဲသို့ ကျရောက်သွားနိုင်သည့်ဘေးအန္တရာယ် ရှိနေသည်ကို သတိမူကြရမည်ဖြစ်ပြီး လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများ၊ မိသားစုများကပါ ဝိုင်းဝန်းဆောင်ရွက်ရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။

mnza