မိုးကုတ်   ၁၂   ဇွန်

မိုးကုတ်မြို့နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာများ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပေးနိုင်ရေး လှည့်လည်စစ်ဆေးခြင်းကို ဇွန် ၁၁ ရက်နေ့တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

မိုးကုတ်မြို့နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားရှိပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးအတွက်ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာသာလုပ်ငန်းများ စစ်ဆေးရေးအဖွဲ့ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးနှင့် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်တို့ ဦးဆောင်သည့် အဖွဲ့၀င်များသည် မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဟိုတယ်များကို လှည့်လည်ကြည့်ရှုကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းတစ်ရပ် အနေဖြင့် မိမိတို့ဟိုတယ်သို့ တည်းခို၀င်​​ရောက်မည့်သူများအတွက် ဟိုတယ်မှ အပူချိန်တိုင်းတာခြင်း အတွက် ဆောင်ရွက်ထားရှိမှု၊ mask နှင့် လက်ဆေးဂျယ်များ စီစဉ်ထားရှိမှုအခြေအနေ၊ စားသောက်ခန်းမများနှင့် မီးဖိုခန်းများ ဆောင်ရွက်ထားရှိမှုတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ အစရှိသည်တို့ကို စစ်ဆေးခဲ့သည်။

 

ထို့နောက် စစ်ဆေးရေးအဖွဲ့မှ ဟိုတယ်များတွင် ကျင့်သုံးလိုက်နာရမည့် အမှိုက်စွန့်ပစ်မှုပုံစံများ၊ ဟိုတယ်၀န်ထမ်းများအနေဖြင့် သိရှိထားရမည့် ကိုဗစ်-၁၉ ရောဂါ၏ အခြေခံလက္ခဏာများ၊ သံသယလူနာတွေ့ရှိပါက လိုက်နာဆောင်ရွက်ရမည့်ပုံစံနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ဌာနနှင့် လုပ်ငန်းစဉ်များအား ဟိုတယ်၀န်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ လမ်းညွှန်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးမမ(မိုးကုတ်)