ချောက်   ၁၂   ဇွန်

 

မကွေးဒေသကြီး မကွေးခရိုင် ချောက်မြို့နယ် သစ်တိုကန်ကျေးရွာတွင် အိုးလုပ်ငန်းကို ရှေးယခင် ကတည်းက မိရိုးဖလာလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်လာကြပြီး ယခုအခါ စီးပွားရေးလုပ်ငန်းအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိသည်။

 

အိုးလုပ်ငန်းအတွက် လိုအပ်သောကြပ်မြေများကို ရွာမြောက်ဖက်  (၁)မိုင်ခန့် ကွာဝေးသော ရေကန်၏ အနီးနှင့်မြေနီကို မိမိတို့ ပိုင်ယာခင်းထဲမှ  တူးယူရပါတယ်။ အိုးပြုလုပ်ရန်အတွက် အနက်၂ ပေ၊ အဝ ၃ ပေ ပတ်လည်ကျင်းတူးကာ ကြပ်ရွှံ့နှင့်မြေနီကို ဆတူရေဖြင့်ရောမွှေပြီး တစ်ညအိပ်နှပ်ရပါတယ်။ ယင်းနောက် ကျင်းထဲက နှပ်ထားသောရွှံ့စေးများ လိုသလိုယူပြီး အိုးပုံစံလုပ်ရန်အတွက် ရေဖြင့် နှယ်ရပါတယ်။ ရွံ့စေးများ အနေတော်လေးဖြစ်ပါက အပိုင်းလိုက်မှန်းဆ၍ အတုံးလေးများပြုလုပ်ကာ အိုးပုံဖော်ရန်အတွက် တစ်ဦးက အိုးစက်လှည့်၍ တစ်ဦးကလက်နှစ်ဖက်ဖြင့် အိုးပုံဖော်ပေးရပါတယ်။

 

အိုးပုံစံအမျိုးမျိုးရရှိလာပါက နေရိပ်မှာ အစဉ်တကျထားရှိပြီး မစိုမခြောက်ဖြစ်ပါက အိုးရိုက်တုတ်ဖြင့် အကြမ်းရိုက် ရပါတယ်။ အားလုံးအကြမ်းရိုက်ပြီးပါက မိမိလိုသောပုံစံဒီဇိုင်းများ ဖော်ထားသော အိုးရိုက်တုတ်ဖြင့် ထပ်မံရိုက်ရပါတယ်။ အိုးကောင်းကောင်းထွက်ဖို့ရန်အတွက် အချိန်အဆမှန်းဆ၍ ရိုက်ရပါတယ်။ ရိုက်၍ရသော အိုးများကို နေပူချိန်ပြင်းပြင်းမှာ အနည်းဆုံး ၆ နာရီမှ ၈ နာရီထိ နေလှန်းထားရပါတယ်။ အိုးတစ်ဖိုမှာ အိုး ၁၅၀ဝ ခန့် ဖုတ်ရပါတယ်။

 

အိုးဖုတ်တဲ့အခါ မြေအိုးအပေါ် ကောက်ရိုးနှင့်ရွှံ့စေးများဖြင့် လေမဝင်အောင် ဖုံးအုပ်မန်ထားရပါတယ်။ ညနေ ၄ နာရီလောက်က စတင်မီးထိုးကာ မနက် ၈ နာရီလောက်ဆို အရောင်သွေးလှပသော မြေအိုးများ ရရှိလာပါတယ်။"ဟု သစ်တိုကန်ကျေးရွာ မြေအိုးလုပ်သူ ဦးကြည်လင်က ပြောကြားသည်။

 

ထို့နောက် မြေအိုးအပြင် ဟင်းချက်မြေအိုး၊ စလောင်းဖုံးများနှင့် ကလေးကစားစရာအိုးဖုတ်များလည်း ပြုလုပ်လျက်ရှိပြီး မြေအိုးတစ်လုံးကို ၂၀ဝ ဖြင့်လည်းကောင်း၊ ဟင်းအိုးနှင့်စလောင်းဖုံးတစ်စုံ ၅၀ဝ ဖြင့်လည်းကောင်း လက်ကားဖြန့်ဝေပေးရပြီး ကလေးကစားစရာအိုးဖုတ်များကို အော်ဒါမှာယူသည့် အခါမှသာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည် ။

 

မချို(ပြန်/ဆက်)