ချောင်းဦး ၁၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျန်းမာရေးဌာန ညွှန်ကြားချက်များနှင့်အညီ ကျောင်းအပ်နှံရေးကိစ္စဆောင်ရွက်နိုင်ရန်၊ ကျောင်းသားများ Covid-19 ရောဂါ ကူးစက်ခံရမှုမရှိပဲ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရန်အတွက် ဇွန် ၁၂ ရက်နေ့ နံနက် ၉ နာရီက အနော်ရထာခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းသက်လင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးတို့က အမှာစကား ပြောကြားခဲ့ပြီး ချောင်းဦးအထက ကျောင်းအုပ်ဆရာကြီး ဦးအေးကိုမြင့်က ညှိနှိုင်းဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းသက်လင်းက နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ထားရှိရေး၊ မိဘများနှင့် လျှင်မြန်ချောမွေ့စွာ ဆက်သွယ်နိုင်ရေး အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးက ကျောင်းအဝင်ဂိတ်နှင့် စာသင်ဆောင်များတွင် လက်ဆေးဘေစင်များ ထားရှိနိုင်ရေး၊ Mask တပ်ဆင်ရေးအကြောင်းကိုလည်းကောင်း၊ ချောင်းဦးအထက ကျောင်းအုပ် ဆရာကြီး ဦးအေးကိုမြင့်က အုပ်စုခွဲ၍ ကျောင်းအပ်နှံနိုင်ရေး၊ စာသင်ခုံများနေရာချထားရေး အကြောင်းကို လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်မြင့်သိန်းနှင့် မိဘဆရာအသင်း အတွင်းရေးမှူး ဦးဇော်လွင်တို့မှ သောက်သုံးရေကိစ္စ၊ သန့်စင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေး၊ ထမင်းစားချိန်နှင့် မုန့်စားချိန်များတွင် သတ်မှတ်နေရာများထားရှိနိုင်ရေး အကြောင်းကိုလည်းကောင်း၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းသက်လင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦး၊ ချောင်းဦးအထက ကျောင်းအုပ် ဆရာကြီး ဦးအေးကိုမြင့်နှင့် အတန်းမှူးများ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျော်မြင့်သိန်း၊ မိဘဆရာအသင်း အတွင်းရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


