မန္တလေး ၁၂ ဇွန်
ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့အကြိုအဖြစ် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်ကို မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးရန် ကတိကဝတ်ပြု လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)မှ ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် တစ်နိုင်ငံလုံးရှိ ၁ ဒသမ ၁၃ သန်းသော ကလေးအလုပ်သမားများအား ကိုဗစ်-၁၉ ကာလအတွင်း လုံခြုံရေး၊ အကာအကွယ်ပြုရေးနှင့် အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများမှ ကာကွယ်ပေးရေးတို့အတွက် အပြုသဘောဆောင်သော တိုးတက်မှုများကို ဖြစ်ပေါ် လာစေမည် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Donglin Li မှ “ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (NAP) ကို အကောင်အထည်ဖော်ခြင်းနဲ့ ဇွန် ၈ ရက်နေ့က အတည်ပြုလက်မှတ်ရေးထိုးသည့် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ခြင်း ဆိုင်ရာပြဌာန်းချက် အမှတ်- ၁၃၈ တွေဟာ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား အမြစ်ပြတ် ပပျောက်ဖို့ ထင်ရှားတဲ့မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။ ထို့အပြင် “ယခုဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကို ကျော်လွှားရမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ကလေးအလုပ်သမားအလုံးစုံ ပပျောက်ရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၈ ဒသမ ၇ ကို ရရှိအောင် အတူဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ပြဋ္ဌာန်းချက် အမှတ်- ၁၃၈ အရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်တွင် မသင်မနေရ ပညာရေးပြီးဆုံးချိန်နှင့် ကိုက်ညီရန် အနိမ့်ဆုံးအသက်အရွယ်ကို သတ်မှတ်ရန်လိုအပ်ပြီး ပေါ့ပါးသောအလုပ်များနှင့် အနုပညာဖျော်ဖြေမှုများမှအပ မည့်သည့်အလုပ်မျိုးတွင်မဆို ဝင်ရောက် လုပ်ကိုင်ခြင်းမှ တားမြစ်ခြင်းတို့ဖြစ်သည်။
ထို့အပြင် အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားများအား အန္တရာယ်ရှိသော အလုပ်အကိုင်များ လုပ်ကိုင်ခြင်းမှ တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်မှာ အသက် ၁၄ နှစ် ဖြစ်သည်။ အဆိုပါကွန်ဗင်းရှင်းအရ နိုင်ငံများတွင် ကလေးအလုပ်သမားများ အမြစ်ပြတ် ပပျောက်ရေးအတွက် နိုင်ငံအဆင့်ပေါ်လစီများ ချမှတ်ရမည်ဆိုသော အချက်လည်း ပါဝင်သည်။
မြန်မာနိုင်ငံသည် ဤပြဌာန်းချက်အား သဘောတူလက်မှတ်ရေးထိုးသည့် ၁၇၈ မြောက်နိုင်ငံဖြစ်လာပြီး လက်ရှိတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးအလုပ်သမား ၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသော ကလေးအလုပ်သမားပေါင်း (၆) သိန်းကျော်ရှိသည်။
ILO နှင့် UNICEF တို့မှ ထုတ်ဝေသော အစီရင်ခံစာ အရ ကမ္ဘာတစ်ဝှမ်းတွင် ကလေးအလုပ်သမားပေါင်း ၁၅၃ သန်းရှိနေပြီး ကိုဗစ်-၁၉ ကာလအတွင်း ပိုမိုအန္တရာယ်ကြီးစွာနှင့် ပုန်းကွယ်စွာဖြင့် လုပ်ကိုင်ရသော လုပ်ငန်းခွင်အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
စားဝတ်နေရေး အခက်အခဲများ၊ မိသားစုဝင်များ နေထိုင်မကောင်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း စသည့် ဆိုးဝါးလာသော အခြေအနေများသည် ကလေးများအား ကျောင်းပညာရေးနှင့် အလှမ်းဝေးစေရန် တွန်းအားပေးလျက်ရှိရုံသာမက မိဘမဲ့ဘဝသို့ ရောက်ရှိသွားခြင်း၊ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်စေခြင်းတို့သည် ကိုဗစ်-၁၉ နှင့် ဆက်နွယ်လျက်ရှိသော အကြောင်းရင်းများ ဖြစ်သည်။
အဆိုပါအခြေအနေများသည် သန်းပေါင်းများစွာသော ကလေးသူငယ်များကို ငယ်ရွယ်သော အချိန်မှာပင် အန္တရာယ်ရှိသော လုပ်ငန်းခွင်များသို့ တွန်းပို့လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် မေလ အထိ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် လူပေါင်း (၆)သောင်းခန့် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး အခြေအနေများ ပိုမိုဆိုးရွားလာပါက အလုပ်သမားများ၏ လစာဖြတ်တောက်ခြင်းနှင့် ပိုမိုများပြားသော အလုပ်သမားများအား အလုပ်ရပ်စဲခြင်း အခြေအနေများနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရသည်။
ILO၊ UNICEF အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများသည် သတိထားစောင့်ကြည့်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ချက်များ၏ အရေးပါမှုများအပေါ် ဦးစားပေးလုပ်ဆောင်လာစေရန် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့အား ကြိုဆိုသောအားဖြင့် လုပ်ဆောင်လျက်ရှိပြီး ကလေးသူငယ်များအား ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးနှင့် လူမှုရေးသက်ရောက်မှုများမှ အကာအကွယ်ပြုရန် ရည်ရွယ်သည်။
“ကျွန်တော်တို့အားလုံး ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေကို အတူတိုက်ထုတ်နေကြသလိုပဲ ကလေးသူငယ်တွေအတွက် ထပ်တိုးကာကွယ်မှုတွေပေးသွားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကနေ ကလေးသူငယ်တွေ အန္တရာယ်ရှိတဲ့ အလုပ်စေခိုင်းမှုတွေဆီ တွန်းပို့ခံရခြင်းတွေက တားဆီးနိုင်မှာဖြစ်ပြီး ကျောင်းထွက်ရမယ့် အခြေအနေမျိုးတွေ၊ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုဆိုင်ရာ ထိခိုက်မှုတွေ လျော့နည်းစေမှာဖြစ်ပါတယ်” ဟု UNICEF မြန်မာ၏ လက်ထောက်ကိုယ်စားလှယ် Alessandra Dentice မှ ပြောကြားသည်။
မြန်မာနိုင်ငံသည် ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းခြင်းကို ကာကွယ်သည့် ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။
မေသက်ထား


