ပင်လည်ဘူး ၁၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးများဖမ်းယူစားသုံးသူများ သိရှိလိုက်နာကြစေရန်၊ ငါးရစ်၊ ငါးသန်ကာလအတွင်း ငါးဖမ်းဆီးခြင်းမရှိရန်၊ ငါးသယံဇာတတိုးပွားဖို့ ဝိုင်းဝန်း ထိန်းသိမ်းရေး သတိပေးတားမြစ်ချက် ဆိုင်းဘုတ်ပိုစတာများ စိုက်ထူခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုးနှင့် တာဝန်ရှိသူများက ဇွန် ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းဘေး မူးမြစ်ကူး တံတားထိပ်တွင် ဆိုင်းဘုတ်ပိုစတာများစိုက်ထူခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ငါးမျိုးများ ရေရှည်တည်တံ့စေရေးနှင့် ငါးသယံဇာတ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ ငါးစားသုံးမှုဖူလုံစေရန်၊ ငါးရစ်၊ ငါးသန်ကာလဖြစ်သော မေ၊ ဇွန်၊ ဇူလိုင်လများအတွင်း သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင် ရေပြင်များတွင် တရားမဝင်ငါးများ ဖမ်းယူ၊ သတ်ဖြတ်၊ ရောင်းချမှုများ ပြုလုပ် တွေ့ရှိပါက ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


