၁၂ ဇွန်
တိုကျိုအိုလံပစ် ၂၀၂၀ အားကစားပွဲကို ထောက်ပံ့ပေးနေတဲ့ သုံးပုံနှစ်ပုံသော စီးပွားရေးလုပ်ငန်းတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တစ်နှစ်နောက်ဆုတ်သွားတဲ့ အိုလံပစ်ပြိုင်ပွဲကို ဆက်လက် ထောက်ပံ့သွားရေး မဆုံးဖြတ်ရသေးကြောင်း ဂျပန်သတင်းဌာန NHK က ကောက်ယူတဲ့ စစ်တမ်းအရ သိရပါတယ်။
ကောက်ယူရရှိတဲ့ စစ်တမ်းကို ကြာသပတေးနေ့က ထုတ်ပြန်ရာတွင် ၆၅ ရာခိုင်နှုန်းသော စီးပွားရေး လုပ်ငန်းတွေက ငွေကြေးထောက်ပံ့မှုကို နောက်တစ်နှစ် တိုးထောက်ပံ့ဖို့ ဆိုတာ မဆုံးဖြတ်သေးကြောင်း၊ အိုလံပစ်ပွဲတော် ကျင်းပရေး တာဝန်ရှိသူအချို့က အားကစားပွဲကို တစ်နှစ်နောက်ဆုတ်ရန် သို့မဟုတ် လုံးဝဖျက်သိမ်းရန် ပြောဆိုနေတဲ့အတွက် လုပ်ငန်းရှင်တွေက စိုးရိမ်ကြောင်း၊ ပွဲတော်ကျင်းပရေး စီစဉ်သူတွေကလည်း သူတို့နဲ့ပွင့်ပွင့်လင်းလင်း မဆွေးနွေးကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် သူတို့အတွက်တောင် ငွေကြေးစိုးရိမ်နေရကြောင်း ပြောပါတယ်။
တိုကျိုအိုလံပစ် ၂၀၂၀ ပွဲတော်စီစဉ်သူတွေက ပွဲတော်နောက်ဆုတ်တဲ့အတွက် ကုန်ကျငွေ ပိုသွားမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ဘေးဖယ်ထားကြောင်း ပြောပါတယ်။
အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးအတွက် ကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံရှိကြောင်း နောက်ဆုံးထွက်ပေါ်လာတဲ့ စာရင်းအရ သိရပါတယ်။ အဲဒီကုန်ကျငွေဟာ ပွဲတော်ကျင်းပရေးကော်မတီ၊ ဂျပန်အစိုးရနဲ့ တိုကျိုမြို့တို့ကနေ အကုန်ကျခံသွားမှာလို့ သိရပါတယ်။
ဂျပန်သတင်းဌာန NHK က ကောက်ယူတဲ့စစ်တမ်းမှာ အိုလံပစ်အတွက် ထောက်ပံ့ပေးတဲ့ လုပ်ငန်း ၇၈ ခုမှ ၅၇ ခုရဲ့ တုံ့ပြန်ချက် ရရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP