ညောင်ဦး   ၁၂   ဇွန်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း Facility Quarantine အသုံးပြုခဲ့သည့် အခြေခံပညာ စာသင်ကျောင်းများအား ကျောင်းဖွင့်ရာသီတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို  ဇွန် ၁၂ ရက် ယနေ့နံနက် ၈ နာရီက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းလင်းနိုင်ဦး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက Facility Quarantine Centre အဖြစ် အသုံးပြုခဲ့သည့် ညောင်ဦးမြို့နယ် စုတည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ကန်စောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ပိုးသတ်ဆေးများ ပက်ဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အခြေခံပညာစာသင်ကျောင်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းပေးရာတွင် ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းလင်းနိုင်ဦးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက စာသင်ကျောင်းများအလိုက် လူအဝင်အထွက်များသည့် ကျောင်းတွင်း၊ ကျောင်းပြင်နေရာများ၊ စာသင်ခန်းများ၊ ရေချိုးခန်းနှင့် အိမ်သာများ၊ ကျောင်းဝန်းတံခါးများမကျန် နေရာအနှံ့ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် ပြည်ပနှင့် အခြားနယ်စပ်မြို့များမှ ပြန်လည် ရောက်ရှိလာသော နေရပ်ပြန်လာသူများကို စနစ်တကျ ကျန်းမာရေး စောင့်ကြပ်ကုသနိုင်ရေးအတွက် မြို့နယ်အတွင်း Facility Quarantine Centre အသုံးပြုခဲ့သည့် အခြေခံပညာစာသင်ကျောင်းပေါင်း (၅၅)ကျောင်း အသုံးပြုခဲ့ကြောင်း သိရပြီး ယခုအခါ ပညာရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်သွားရန် ညွှန်ကြားထားသည့်အတွက် မကြာမီအချိန်တွင် ကျောင်းများပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းဖွင့်ရာသီကာလ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် အတွင်းရှိ နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များက Facility Quarantine Centre အသုံးပြုခဲ့သည့် အခြေခံပညာ စာသင်ကျောင်းများကို ယနေ့နံနက်ပိုင်းက စတင်ကာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ရာ Facility Quarantine Centre အသုံးပြုခဲ့သည့် အခြေခံပညာစာသင်ကျောင်း ၁၁ ကျောင်းအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ Facility Quarantine Centre အသုံးပြုခဲ့သည့် အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ဇွန် ၁၅ ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)