ဟားခါး ၁၂ ဇွန်
အခြေခံပညာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သင်ရိုးသစ်ရေးဆွဲရေးကော်မတီမှ ပညာရှင်များက ဆွေးနွေးပို့ချသည့် ၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 (သင်ရိုးသစ်)နည်းပြများ Online သင်တန်းဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပခဲ့ပြီး ဟားခါးမြို့နယ်အတွင်းမှ ဆရာ၊ဆရာမ ၆၀ တက်ရောက်ခဲ့ကြသည်။
Grade-4 (သင်ရိုးသစ်)နည်းပြများ Online သင်တန်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ဇွန်လတွင် ကျင်းပရခြင်းဖြစ်ပြီး နည်းပြသင်တန်းကို Online မှတစ်ဆင့် ၂ ရက်ဖွင့်လှစ်၍ သင်တန်းသား ၆၀ ဦး တက်ရောက်စေခဲ့ပြီး ယခုသင်တန်းနည်းပြများမှ ဆင့်ပွားသင်တန်းကို ဟားခါးမြို့နယ်အတွင်းမှ သင်တန်းသား ၅၀၃ ဦးဖြင့် ၇ ရက်ကြာ ပြန်လည်ပို့ချသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလိန်းနိန်၏ ပြောပြချက်အရ သိရသည်။
အဆိုပါ Grade-4(သင်ရိုးသစ်) နည်းပြများ Online သင်တန်းကို ဇွန် ၁၂ ရက်နေ့မှ ဇွန် ၁၃ ရက်နေ့ထိ ၂ ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ဇွန် ၁၅ ရက်နေ့မှ ဇွန် ၂၁ ရက်နေ့ထိ ဟားခါးမြို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(ခရိုင်ပြန်/ဆက်)


