ပင်းတယ ၁၂ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မှ ရေကြည်စမ်း ပညာဒါနဖောင်ဒေးရှင်း ဆရာတော်ဦးဆောင်သည့် “တောင်သူကိုကူပြည်သူသို့လှူ” အစီအစဉ်အဖြစ် ပင်းတယဒေသထွက်သီးနှံများကို မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများရှိ အခြေခံလူတန်းစားများထံသို့ ပို့ဆောင်လှူဒါန်းရာတွင် ပါဝင်ကူညီလှူဒါန်းခဲ့ကြသည့် ဒေသနေပြည်သူများအား ပုသိမ် (ချောင်းသာကမ်းခြေ) ပြည်သူများမှ တစ်ဖန်ပြန်လည်လှူဒါန်းလာသည့် အုန်းသီးများကို ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက ပြန်လည်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်းတယမီးအိမ်ရှင်ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ထံမှတစ်ဆင့် ရွှေသောင်ယံ (ချောင်းသာကမ်းခြေ)မှ ပြည်သူများ ပြန်လည်လှူဒါန်းလာသည့် အုန်းသီးအလုံး ၃၀၀၀ ကျော်အား တော်ပေါ်ကြီးကျေးရွာ တပ်ပေါက်ကျောင်း ရေကြည်စမ်းပညာဒါနဖောင်ဒေးရှင်းမှ ဦးဆောင်ဆရာတော် ဒေါက်တာသုမနနှင့်ရဟန်းများ၊ ပင်းတယ လက်ဖက်ယဉ်ကျေးမှု စက်ဝန်းဖွံဖြိုး တိုးတက်ရေးအဖွဲ့မှ စီမံကိန်းမန်နေဂျာ ဒေါ်နန်းသရဖူတင့်နှင့် အဖွဲ့ဝင်များ၊ CSO အဖွဲ့အစည်းများ၊ ပရဟိတ မောင်မယ်များတို့က သက်ဆိုင်ရာကျေးရွာများသို့ သွားရောက်၍ အုန်းသီးအလုံးရေ ၂၅၀၀ ခန့်ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြပြီး ကျန်ရှိသည့်အလုံးရေ ၅၀၀ ကျော်ကို နီးစပ်ရာမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား လာရောက်ယူနိုင်စေရန်အတွက် ရွာသစ်ရပ်ကွက်ကန်တောင့် ကျောင်းတိုက်တွင် ထားရှိပေးထားကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


