ဘားအံ   ၁၂   ဇွန်

ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ခရိုင်ကျေးရွာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)နှင့် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(ESAP)တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD) ချေးငွေဖြင့် နေရောခြည်သုံး ရေစုပ်စက် (Solar Pump) ဖြင့် စိုက်ပျိုးရေပေးဝေရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

 

အဆိုပါ ရေတင်စီမံကိန်းကို ရေကျနောက်စိုက်စပါးများ စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် နွေသီးနှံ စိုက်ပျိုးရေ ပေးဝေနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ရေလေလွင့်ဆုံးရှုံးမှုနည်းစေရန်၊ ရေပေးရေယူစနစ်များ လွယ်ကူချောမွေ့ စေရန်နှင့် ရေကိုစနစ်တကျ သုံးစွဲနိုင်ရန်အတွက် ရေအသုံးချသူများအဖွဲ့ (WUG) ဖွဲ့စည်း၍ ပူးပေါင်းပါဝင်ဆည်မြောင်း စနစ် (PIM – Participatory Irrigation Management) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ကရင်ပြည်နယ်တွင် မြစ်ရေတင်လုပ်ငန်း ၇ ခုရှိပြီး အဆိုပါမြစ်ရေတင်များတွင် တူးမြောင်းအဆောက်အအုံများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပြုပြင်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေစီမံခန့်ခွဲမှုတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ရန်အပြင် ရေကိုလေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ချိုးခြံချွေတာသုံးစွဲ နိုင်ရန်အတွက် (ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်)PIM ၏ လမ်းညွှန်ချက်နှင့်အညီ ရေအသုံးချမှုများအဖွဲ့များကိုလည်း ဖွဲ့စည်းခြင်းဖြစ်သည်။

 

ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ရေကိုမြောင်းအရင်း၊ အလယ်၊ အဖျားထိ မျှမျှတတ ညှိနှိုင်ရယူနိုင်သဖြင့် အချင်းချင်း ပဋိပက္ခဖြစ်ခြင်းမှ လျော့နည်းစေခြင်း၊ ရေအလေအလွင့်နည်းပါးသဖြင့် ရေကိုတိုးချဲ့ပေးဝေနိုင်ခြင်း၊ တောင်သူများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်ခြင်းဖြင့် ဆည်မြောင်းစနစ်များနှင့် ရေစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာ ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်သည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၊ ကရင်ပြည်နယ်အနေဖြင့် ယခုနှစ်တွင် ရေအသုံးချသူများအဖွဲ့(WUG) ၃၈ ဖွဲ့အား အပြီးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)