ဖားကန့် ၁၂ ဇွန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ယမန်နေ့ညမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အတွက် မြို့နယ်အတွင်း ချောင်းလက်တက်အချို့မှ ချောင်းရေတိုက်စားသဖြင့် ကမ်းထိန်းနံရံ ပြိုကျခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် အဖွဲ့ဝင်များက မြေပြင်အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အေးမြသာယာရပ်ကွက်ရှိ ချောင်းလက်တက်တစ်ခုတွင် ရေတိုက်စားထားသဖြင့် မြေထိန်း နံရံအချို့ ပဲ့ကျနေပြီး ချောင်းဘေးကပ်လျက်နေအိမ်များ ထိခိုက်လာနိုင်သည့်အခြေအနေနှင့် မော်ဝမ်းရပ်ကွက်ရှိ စည်ပင်ဧရိယာအတွင်း ကားလေးကွင်းနောက်ဘက် ချောင်းနေရာအချို့၌ ချောင်းရေတိုက်စားထားသဖြင့် လူသွားလမ်းမရှိသည့်အခြေအနေ ကြုံတွေ့နေရခြင်းနှင့် ဆိပ်မူ ကျေးရွာအုပ်စု၊ မှော်တောင်းကျေးရွာ၌ ရွာလမ်းဘေးချောင်းငယ်တိုက်စား၍ နေအိမ်တစ်လုံး ရွာလမ်းဘက်သို့ လန်ကျမည့်အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့က အေးမြသာယာရပ်ကွက်နှင့် မော်ဝမ်းရပ်ကွက်တို့မှ ချောင်းရေတိုက်စား၍ မြေထိန်းနံရံပြိုကျခဲ့သည့် နေရာများအား အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ မှော်တောင်းကျေးရွာမှ နေအိမ်တစ်လုံး ရွာလမ်းဘက်သို့ လန်ကျနိုင်သည့်နေအိမ်အား အမြန်ဆုံးရွှေ့ပြောင်းနိုင်ရန် ကျေးရွာတာဝန်ခံနှင့် ညှိနှိုင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


