မန္တလေး ၁၂ ဇွန်
ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် မြစ်အတွင်းသောင်းတူးခြင်းလုပ်ငန်း ၄ ခုကို ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် သောင်းတူးခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စ၍ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၉၀၀ ဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ လာမည့် ဇူလိုင်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
“ရေလမ်းထိန်းသိမ်းရေးနဲ့ ကမ်းပြိုကာကွယ်ရေးမှာ သောင်မွေးရတာရှိသလို ရေလမ်းမှာအနှောက် အယှက် ဖြစ်နေတဲ့ သောင်ကိုဖယ် ရှားရပါတယ်။ရေနည်းချိန် ရေအနက်မလုံလောက်တဲ့အခါ သောင်စွယ်တွေကြောင့် ရေကြောင်းပိတ်တာ မဖြစ်ဖို့နဲ့ သင်္ဘောတွေ သောင်မတင်အောင် သောင်တူးပေးရတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဧရာဝတီမြစ်ရေ လမ်းကြောင်း ကောင်းမွန်ရေး၊ ရေလမ်းထိန်းသိမ်းရေးအတွက် သောင်တူးလုပ်ငန်း (၃) ခု နှင့် စစ်ကိုင်းတိုင်းတွင် ၁ ခု လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းတွင် ဆည်သည်ကျေးရွာ (စဉ့်ကူးမြို့နယ်)၊ သုံးဆယ်ပေးကျေးရွာ(မတ္တရာ မြို့နယ်)နှင့် သူဌေးကုန်းကျေးရွာ (မတ္တရာမြို့နယ်)တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ကသာရေလမ်း ကောင်းမွန်ရေး လုပ်ငန်းတို့ဖြစ်သည်။
သန်းဇော်မင်း(ပြန်/ဆက်)


