နေပြည်တော် ၁၂ ဇွန်
"မြန်မာ့စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း" (Strengthening Agricultural Extension in Myanmar- SAEM) ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA မှ ထောက်ပံ့သည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆွမ်းဟွာက ဂုဏ်ပြုအမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက "မြန်မာ့စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း" (SAEM Project) နှင့် ပတ်သက်၍လည်း ကောင်း၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA Myanmar ရုံးမှ Chief Representative Ms. Lee Youn Soo က ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် KOICA မှ ထောက်ပံ့သည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို KOICA Myanmar ရုံးမှ Chief Representative Ms. Lee Youn Soo က ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၊ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် နှင့် KOICA Myanmar ရုံးမှ Chief Representative တို့က SMU ကျေးရွာ ကိုယ်စားလှယ်များနှင့် AERDTC သင်တန်းကျောင်းတာဝန်ခံများထံ ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ကြပြီး "မြန်မာ့စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း" SAEM ဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ကျေးဇူးတင် စကားပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာ့စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း” ကို ၂၀၂၀ ပြည့်နှစ်မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိသော စိုက်ပျိုးပညာပေးရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေခြင်းဖြင့် တောင်သူများ၏ ဝင်ငွေနှင့် သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်နှင့် ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးပညာပေးရေးဝန်ထမ်းများ၏ စွမ်းဆောင် ရည်တိုးတက်စေပြီး စိုက်ပျိုးပညာပေးရေးစနစ်အား အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ သီးနှံစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများအတွက်များစွာ အကျိုးရှိစေမည့် စီမံကိန်းတစ်ခုဖြစ်သည်။
ယနေ့အခမ်းအနားမှ ထောက်ပံ့သည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများသည် စီမံကိန်းမြို့နယ် ၂၇ မြို့နယ်ရှိကျေးလက်နေ အိမ်ထောင်စု(၁၅၀၀)စီဖြင့် မျိုးစေ့ (Seed Kit) စုစုပေါင်း ၄၀၅၀၀ ကို ထောက်ပံ့ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေစဉ်ကာလအတွင်း စီမံကိန်း ဒေသမှ ကျေးလက်နေပြည်သူများအတွက် စားနပ်ရိက္ခာအထောက်အပံ့ရရှိစေရန်နှင့် အဟာရပြည့်ဝ၍ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေရန်၊ မိမိအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး မိသားစုစားသုံးမှုမှ ပိုလျှံသောသီးနှံများအား အခြားသူများသို့ မျှဝေနိုင်ခြင်း၊ အပိုဝင်ငွေရရှိနိုင်ခြင်း အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


