နေပြည်တော် ၁၂ ဇွန်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူရှင်များက အလှူငွေနှင့်ဆေးပစ္စည်းများကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား Novartis Pharma Services မှ ကိုယ်စားလှယ်တစ်ဦးက လှူဒါန်းရသည့် အကြောင်းအရင်းနှင့် စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် လက်ရှိ၌ ကိုဗစ်-၁၉ ကပ် ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်ကို သိရှိရပါကြောင်း၊ ထိုသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအားလုံးမှ ပါဝင်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ အလှူရှင်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ လက်တွဲကူညီပါဝင်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုအချိန်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ပေါင်းစုံနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အတိုင်းအတာတစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း ပေါ့ဆ၍ မရပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုလတ်တလော ကာလ၌တွေ့ရှိရသော ကိုဗစ်-၁၉ လူနာအများစုမှာ ပြည်ပနိုင်ငံများမှ ပြန်လာကြသူများ ဖြစ်ပါကြောင်း၊ ထို့အတွက် အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် သတ်မှတ်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်မှာ ယခုအချိန်တွင် အထူးအရေးကြီးပါကြောင်း၊ ယခုကဲ့သို့ အလှူရှင်များ၏ လှူဒါန်းမှုသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင်မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုကောင်းမွန်စေရေး အရင်းအနှီးများလည်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
လှူဒါန်းပွဲတွင် Novartis Pharma Services မှ အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ တန်ဖိုးရှိ SARS- COV 2 test ၇,၈၇၂ ခု နှင့်PPE Full set ၂,၄၉၆ စုံ၊Unilever EAC Myanmar Co.ltd မှ အမေရိကန်ဒေါ်လာ ၅၃,၂၈၀ တန်ဖိုးရှိ 2019 nCov Nucleic acid Diagnostic kit ၂,၈၈၀ ခု၊ ASA microfinance (Myanmar) Limited (မင်္ဂလာဒုံ) မှ ကျပ်သိန်း ၇၀၊ ပြည်သူ့ပါတီ မှ PPE Full set ၅၀ နှင့် Mask ၅,၀၀၀ ၊Tharaphu Soe Myint Co.,ltd မှ ကျပ်သိန်း ၅၀ တန်ဖိုးရှိ PPE, N95, Mask, Hand Gel နှင့် Hand Spray များ၊ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၃/၂၀၁၉) ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက်ရောက်ခဲ့သူများမှ ကျပ် ၁၁ သိန်း၊မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) (၂၀၁၉-၂၀၂၁) မှ ကျပ် ၁၀ သိန်း၊ MT. Royal Peridot (2020), Norstar Ship Management PTE ltd မှ သင်္ဘောသားများမှ ကျပ် ၄၅ ဒဿမ ၃၃၃ သိန်း၊လူမှုကွန်ရက်မှ အများပြည်သူကောင်းမှု ကျပ် ၂၇ သိန်း၊ ညောင်လေးပင် မြို့နယ်သူ/ သားများ (ရန်ကုန်) မှ ကျပ် ၁၂ ဒဿမ ၅ သိန်း၊ နယ်ဖြစ်ဒုရဲအုပ်လောင်းသင်တန်း(၉/၈၄) လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကျပ် ၁၀ သိန်းနှင့် Myanmar Royal Golden Elephant Co.ltd မှ ကျပ် ၉၆၀,၀၀၀ တန်ဖိုးရှိ Mask ၉,၆၀၀ တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


