နေပြည်တော် ၁၂ ဇွန်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မဲဆန္ဒရှင်ပြည်သူများ မဲရုံတွင် မဲစာရင်းကြည့်ရှုခြင်း၊ မဲပေးခြင်းများ ဆောင်ရွက်စဉ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ဆန္ဒမဲပေးခြင်းဆိုင်ရာ လက်တွေ့ သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည်။
အဆိုပါ သရုပ်ပြပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် International Foundation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရွေးကောက်ပွဲဆိုင်ရာ) က သရုပ်ပြမဲရုံဆောင်ရွက်ရခြင်းကို ရှင်းလင်းတင်ပြပြီး ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မဲပေးခြင်းလုပ်ငန်းစဉ်များကို ကော်မရှင်ရုံးမှဝန်ထမ်းများက သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
( သတင်းစဉ် )


