ရန်ကုန် ၁၂ ဇွန်
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရန်ကုန်မြို့လမ်းပေါ်နေကလေးများနှင့် မိသားစုများအား ကူညီစောင့်ရှောက်မှုပေးရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော UNICEF, TDHL, World Vision နှင့် Kinnected မှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဇွန် ၉ ရက်တွင် လှည်းတန်းဂုံးကျော်တံတား၊ မြေနီကုန်းတံတား၊ သီရိမင်္ဂလာဈေး၊ AD မီးပွိုင့်၊ ရှစ်မိုင်မီးပွိုင့်၊ ချော်တွင်းကုန်းမီးပွိုင့်၊ ပါရမီနှင့် သစ္စာလမ်းထောင့် မီးပွိုင့်တို့တွင်ရှိသော ကလေးငယ်စုစုပေါင်း ၅၅ ဦးကို လည်းကောင်း၊ ဇွန် ၁၂ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ ဖူးကြန့်သင်္ချိုင်း၊ တမကုန်း ၊ (၄) ရပ်ကွက်၊ (၅) ရပ်ကွက်၊ ကျုံးကြီးဦးကျေးရွာ၊ ကန်လှကျေးရွာ၊ နဝဒေးစက်မှုဇုံမီးပွိုင့်တို့ရှိ ကလေး ၁၄ ဦးကို လည်းကောင်း တွေ့ဆုံကာ မေးခွန်းများမေးခြင်း၊ အချက်အလက်များ ကောက်ယူခြင်းတို့ ဆောင်ရွက်ကြသည်။ ဇွန်လကုန်ပိုင်းတွင် ကောက်ခံရရှိသည့် ကလေးငယ်များ၏ အချက်အလက်များကို အခြေခံကာ၊ အိမ်တိုင်ရာရောက် အခြေခံစားသောက်ကုန်များ ဆက်လက် ထောက်ပံ့သွားမည် ဖြစ် သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရသည့် အချိန်ကာလအတွင်း လမ်းပေါ်နေကလေးများနှင့် မိသားစုများကို အခြေခံလိုအပ်ချက်များ ပံ့ပိုးပေးခြင်းဖြင့် ကလေးများအပေါ် ကျရောက်စေနိုင်သော အကြမ်းဖက်မှုများ၊ ခေါင်းပုံဖြတ်မှုများနှင့် စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်စေရန်ရည်ရွယ်၍ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


