နေပြည်တော် ဇွန် ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုဗစ်-၁၉ လုပ်ငန်းစဉ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စကို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၊ UNICEF အဖွဲ့တို့နှင့် ယနေ့မွန်းလွဲပိုင်းတွင် video conference ဖြင့် ညှိနှိုင်း ဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထား သည့်နေရာများ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများနေထိုင်ရာ နေရာများတွင် အခြေခံ လိုအပ်ချက် များကို ကပေါင်းစုံက ပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေးကို နိုင်ငံတော်က ဆောင်ရွက် နေသကဲ့သို့ ကုလသမဂ္ဂနှင့်မိတ်ဖက်အဖွဲ့အစည်းများကလည်း ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ တုံ့ပြန်ရေးဆိုင်ရာ ဆောင်ရွက်မှုများတွင် ယန္တရားတစ်ရပ် ဖော်ထုတ်ဆောင်ရွက်သွားရန် ဆွေးနွေး သဘောတူခဲ့ကြသည်။
ယင်းနောက် ဆက်လက်ဆောင်ရွက်မည့် အဆင့်များ၊ ပါဝင်မည့်အထောက်အပံ့ပစ္စည်းများ သတ်မှတ်ခြင်းနှင့် စံလုပ်ထုံးလုပ်နည်း (SOP) များရေးဆွဲခြင်း၊ ကပေါင်းစုံ စုံစမ်းအကဲဖြတ် စစ်ဆေးခြင်းများ ဆောင်ရွက်ရေး၊ ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပြီးချိန် ဝန်ဆောင်မှု အကဲဖြတ်ခြင်း ဆောင်ရွက်ရေးနှင့် ၎င်းအထောက်အပံ့များကို နိုင်ငံတော်က ဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ရေရှည်ချိတ်ဆက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


