ဘရပ်ဆဲလ်   ၁၃  ဇွန်

အီးယူအဖွဲ့ဝင်နိုင်ငံများသည် ပြင်ပနိုင်ငံများမှ ခရီးသွားများအပေါ် ပိတ်ဆို့ကန့်သတ်ထားမှုကို ဇူလိုင် ၁ ရက်မှ စတင်ကာ တဖြည်းဖြည်း ဖယ်ရှားပေးတော့မည့် အစီအစဉ်ကို အီးယူအဖွဲ့ကြီးက ထောက်ခံခဲ့သည်။

ထို့နောက် ပိတ်ဆို့ကန့်သတ်မှုများ ဖယ်ရှားပေးနိုင်မည့် နိုင်ငံများစာရင်းကို စာရင်းပြုစုထားခဲ့သည်။ ဥရောပကော်မရှင်သည် အီးယူအဖွဲ့၏ ခရီးသွားလာ ခွင့် ပိတ်ပင်ထားမှုကို ဇွန် ၁၅ ရက်မတိုင်ခင်အထိ ရက် တိုးချဲ့ထားရန် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုခဲ့သည်။

ကိုဗစ် -၁၉ ကို ထိန်းချုပ်နိုင်ရေး ခရီးသွားလာမှုများကို ကန့်သတ်ခဲ့ခြင်းလည်း ဖြစ်သည်။ အီးယူဒေသတွင်းဆိုင်ရာ ကော်မရှင်နာ ယူဗာဂျွန်ဟန်ဆန်က ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ပင်မှုကန့်သတ်ချက်များကို ဇွန် ၃၀ ရက် မတိုင်မီအချိန်အထိ ဆက်လက်ထားရှိရန် အဆိုပြုခဲ့သည်။

တိုင်းပြည်အတွင်း ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းအပေါ် အခြေခံကာ အချို့သောနိုင်ငံများတွင် ခရီးသွားလာခွင့် ကန့်သတ်မှုကို ဖြေလျှော့ပေးရန်နှင့် အဆိုပါနိုင်ငံများကလည်း အီးယူနိုင်ငံများမှ ခရီးသွားများကို အပြန်အလှန် အားဖြင့် လက်ခံပေးရန် ရှိ မရှိကို မူတည်ကာ ဆုံးဖြတ်သွားရန် ၎င်းက ဆက်လက်ပြောကြားသည်။

အဖွဲ့ဝင်နိုင်ငံများအတွင်း ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ကန့်သတ်မှုဖြေလျှော့ပေးမည့် နိုင်ငံစာရင်းကို ပြုစုသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဇွန် ၁၅ ရက်မှစတင်ကာ အီးယူ အဖွဲ့ဝင်နိုင်ငံအချင်းချင်း နယ်စပ်ထိန်းချုပ်မှုများကို ဖြေလျော့သွားရန်လည်း ဥရောပကော်မရှင်က ထောက်ခံပေးခဲ့သည်။ ခရီးသွားလုပ်ငန်းသည် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပြီး အဖွဲ့ကြီး၏ ဂျီဒီပီတွင် ၁၀ ရာခိုင်နှုန်းမှာ ခရီးသွားလုပ်ငန်းမှ ဖြစ်သည်။

ကပ်ရောဂါကို ပြင်းထန်စွာခံစားနေရသော်လည်း ယခုနှစ်နွေရာသီ ခရီးသွားရာသီမစမီခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုများကို ဖြေလျှော့ပေးရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ