လန်ဒန် ၁၃ ဇွန်
မတ်လနှင့် ဧပြီလတို့တွင် ဗြိတိန်နိုင်ငံ စီးပွားရေးမှာ ကိုဗစ်-၁၉ ပိတ်ဆို့ကန့် သတ်မှုများကြောင့် လေးပုံပုံတစ်ပုံခန့် လျော့ကျသွားကြောင်း သိရသည်။ မတ်လမှ ဧပြီလအထိ စီးပွားရေး ၂၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။
စီးပွားရေးဖွံ့ဖြိုးမှုမှာ ၂၀၁၉ ခုနှစ် ဧပြီလနှင့် နှိုင်းယှဉ်လျှင် ၂၄ ဒသမ ၅ရာခိုင်နှုန်း လျော့ကျသွားခြင်းလည်း ဖြစ်သည်။ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၀၂ ခုနှစ်က ပမာဏအတိုင်းဖြစ်ကြောင်း အမျိုးသား စာရင်းအင်း အချက်အလက်ရုံးက ပြောသည်။
သမိုင်းတွင်မကြုံဖူးသည့် ဘေးဆိုးအန္တရာယ်ပင်ဖြစ်သည်ဟုThink Tank အဖွဲ့ ညွှန်ကြားရေးမှူး ပေါလ်ဂျွန်ဆင်က ပြောသည်။ ကမ္ဘာ့အခြားသော နိုင်ငံများကဲ့သို့ပင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ဗြိတိန်နိုင်ငံ၏ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်ဟု ဘဏ္ဍာရေးဝန်ကြီး ရစ်ရှီဆူနက်ခ်က ပြောသည်။
ဗြိတိန်နိုင်ငံ၏ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကြီးများမှာ ကိုဗစ်-၁၉ ကူးစက်မည်ကို စိုးရိမ်သည့်အတွက် လူအချင်းချင်း ခပ်ခွာခွာနေရသည့် အခြေအနေကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ကြပြီး စီးပွားရေးမှာ အကျဘက်သို့ ပြောင်းလဲနိုင်သည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းက ပြောသည်။
ဗြိတိန်တွင် အခွန်ငွေဖြတ်တောက်ပေးမှုနှင့် အပိုငွေအတွက် ၁၃၃ ဘီလီယံပေါင် သုံးစွဲသွားမည့်အတွက် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးပါက ဗြိတိန်နိုင်ငံအနေဖြင့် လျင်မြန်စွာ နာလန်ထူနိုင်ရေး အကောင်းဆုံး အခွင့်အရေးရှိသည်ဟု ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။
ဖိုင်နက်ရှယ်တိုင်းမ်စ်