နယူးဒေလီ ၁၃ ဇွန်
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု တဖြည်းဖြည်းများပြားလာပြီး ဇွန် ၁၂ ရက်တွင် ကမ္ဘာ့ကူးစက်မှု စတုတ္ထအမြင့်ဆုံး နိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယတွင် ပိတ်ဆို့ကန့်သတ်မှုများ ဖြေလျှော့ပြီးသည်မှာ ရက်အနည်း ငယ်ကြာမြင့်ခဲ့ပြီဖြစ်ကာ ကူးစက်မှု များ မြင့်တက်နေသည့်အတွက် ပိတ်ဆို့မှုများ တစ်ကျော့ပြန်ချမှတ်လာမည့် အလားအလာရှိနေသည်။ ရက်ပေါင်း ၇၀ ကြာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် စီးပွားရေး ပြန်လည် အားကောင်းလာစေရန် လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် လျက်ရှိသည်။
ယခု သီတင်းပတ်အတွင်း အစိုးရသည် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊ ရုံးများနှင့် ဈေးဝယ်စင်တာ အများစုကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ဇွန် ၁၂ ရက်က ကိုဗစ် -၁၉ ကူးစက်ခံရသူမှာ ယခင် နေ့များထက်ယှဉ်လျှင် အဆမတန် မြင့်တက်လာပြီး လူပေါင်း ၁၀၉၅၆ ဦး ကူးစက်ခံရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အသစ် ကူးစက်ခံရသူများမှာ ဒေလီ၊ မွန်ဘိုင်းနှင့် ချန်နိုင်း အစရှိသည့် မြို့ကြီးများမှ ဖြစ်သည်။ မိမိတို့၏ လူဦးရေမှာ ထိခိုက်လွယ်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ဗိုင်းရပ်စ်မှာလည်း ပျောက်ကွယ် မသွားသေးဘဲ ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။
ဗိုင်းရပ်စ်ကိုနှိမ်နင်းရန် အချိန်များစွာ ယူရဦးမည်ဟု ကိုဗစ် -၁၉ ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒေါက်တာဗီကေ ပေါလ်က ပြောသည်။
ကိုဗစ်-၁၉ လူနာများမှာ ဆေးရုံများတွင် ပြည့်ကျပ်နေပြီး ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုကာ တရားရုံးချုပ်က ဒေလီမြို့ အာဏာပိုင်များထံမှ အစီရင်ခံစာ တောင်းခံထားသည်။
ဒေလီမြို့တွင်လာမည့်လအတွင်း ဆေးရုံခုတင် ၈၀၀၀၀ အထိ လိုအပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ခုတင် အရေအတွက်မှာ ၁၁၀၀၀ အထိသာ ရှိသည်။
အင်ဘက်စတင်းဒေါ့ကွန်း