ကော့ကရိတ်  ၁၃   ဇွန်

ဝဥသည်ဒေသထွက် သီးနှံဖြစ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခုအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝဥသည်စျေးကွက်တွင် ဂျပန်၊ ကိုးရီးယား၊ တရုတ်နိုင်ငံများမှ ဝယ်ယူလျက်ရှိရာ စျေးကွက်ခိုင်မာလျက်ရှိပြီး မနှစ်က ဝဥ တစ်ပိဿာလျှင် မနှစ်က ၁၅၀၀ ကျပ်နှင့်အထက် စျေးရရှိကာ တောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

 

ယခင်က ဝဥကို တောတောင်များတွင် တူးဖော်ရှာဖွေ၍ ရောင်းချရသည့် ထုတ်ကုန်ဖြစ်ပြီး ယခုတွင် မိမိနေအိမ်ခြံဝင်းတွင်းမှ တစ်နိုင်တစ်ပိုင် ဘိလပ်မြေအိတ်ခွံဖြင့် စိုက်ပျိုးရနိုင်ကြောင်း သိရသည်။ ကော့ကရိတ်မြို့တွင်လည်း တောင်သူဦးလှရွှေမှ ဘိလပ်မြေအိတ်ခွံဖြင့် ဝဥ(၁၀၀၀၀)ပင်အား စိုက်ပျိုးထားရှိရာ ကရင်ပြည်နယ်မှ ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးသန်းထိုက်၊ ပြည်နယ် သီးနှံကာကွယ်ရေး တာဝန်ခံဦးအောင်ဌေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူးလေထီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်နိုင်တို့မှ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည့် စိုက်ပျိုးနည်းပညာများကို အကြံပေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

 

ဝဥသည် အရိပ်တစ်ဝက်ရ နေရာ၊ သစ်ပင်အောက်နေရာ၊ ရော်ဘာပင်များကြားတွင် အိတ်ခွံဖြင့် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းကြောင်း ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရှိရသည်။

ခင်မျိုးဝင်း(ကော့ကရိတ်)