မြိတ်   ၁၃  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပုဂ္ဂလိကဆေးရုံများနှင့် ပြည်သူ့ဆေးရုံရှိ ဆေးရုံအထောက်အကူပြုကော်မတီ ဆေးဆိုင်တို့တွင် ရောင်းချလျက်ရှိသောဆေးဝါးများကို ယမန်နေ့က မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ကောင်းမွန်သောဆေးဝါး ရောင်းချမှုကျင့်စဉ် သတ်မှတ်ချက်နှင့်အညီ ကိုက်ညီခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေးပြီးတော့ အွန်လိုင်းပေါ်မှာ အခုပျံ့နှံ့နေတဲ့ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင် တုပ်ကွေး ကာကွယ်ဆေး တွေ ဆေးရုံ(၅)ခုမှာ ရောင်းချခြင်းရှိ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ တရားမဝင် တုတ်ကွေး ကာကွယ်ဆေးကတော့ အများပြည်သူတွေအတွက် အာနိသင်ရော၊ အရည်အသွေးရော ဘေးအန္တရာယ် ကင်းရှင်းဖို့ရော အာမခံချက်မရှိပါဘူး” ဟု  မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမေသန်းနု က ပြောသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ရှိ ပုဂ္ဂလိကဆေးရုံ(၄)ခုနှင့် ပြည်သူ့ဆေးရုံရှိ ဆေးရုံအထောက်အကူပြုကော်မတီ ဆေးဆိုင်တို့တွင် ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ မရှိ၊ သက်တမ်းလွန်ဆေးဝါး၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ ဆေးဝါးအတု ၊ စံမညီဆေးဝါး  ရောင်းချခြင်း ရှိမရှိတို့ကို  စစ်ဆေးပညာပေးခဲ့ကြောင်း သိရသည်။

 

“တရားမဝင်တုပ်ကွေးကာကွယ်ဆေး ရောင်းချခြင်းရှိမရှိကို ပုဂ္ဂလိကဆေးရုံတွေရော၊ မြိတ်မြို့ပေါ်မှာရှိတဲ့ လက်ကား ဆေးဆိုင်တွေရော ရှောင်တခင်လည်းစစ်တယ်။ လစဉ်ပုံမှန်လည်း စစ်ဆေးပြီးတော့ တားမြစ်ထားတဲ့ ဆေးဝါးတွေ မရောင်းချဖို့ ပညာပေးနေပါတယ်။ ရောင်းချတာလည်း လောလောဆယ်မှာ စစ်ဆေးသမျှဆိုင်တွေမှာ မတွေ့ရှိပါဘူး” ဟု မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ က ပြောသည်။

 

မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ စားသုံးရန်နှင့် သုံးစွဲရန်မသင့်သော အစားအသောက်များ၊ အလှကုန်များ၊ ဆေးဝါးများ ရောင်းချမှုရှိ မရှိကို လစဉ်၊ အပတ်စဉ် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )