ရန်ကုန် ၁၃ ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ မိုးမခလမ်းတွင်  ဇွန် ၁၂ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာမှ နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ကြေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် မီးဘေးကြောင့် ပျက်စီးသွားသည့် နေအိမ်နှစ်လုံးအတွက် တစ်လုံးလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် လေးသိန်းကျပ်၊ သေဆုံးသူနှစ်ဦး၏ မိသားစုဝင်များအတွက် တစ်စုလျှင် သုံးသိန်းကျပ်နှုန်းဖြင့် နှစ်စုအတွက် ခြောက်သိန်းကျပ်၊ မီးဘေးသင့် ပြည်သူတစ်ဦးလျှင် နှစ်ထောင့်တစ်ရာကျပ်နှုန်းဖြင့် နှစ်သောင်း သုံးထောင်တစ်ရာကျပ်၊ စုစုပေါင်း ဆယ်သိန်း နှစ်သောင်း သုံးထောင့်တစ်ရာကျပ်နှင့် မီးဘေးသင့် အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နှင့်အတူ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  ဦးမြတ်မင်းသူက ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

မြသန္တာဝင်း