ခင်ဦး  ၁၃  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက JICA(AIIP) စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မြင်းဒေါင်းကျေးရွာ တောင်သူ ဦးသန်း၏ ပဲတီစိမ်းရေဆင်း (၁၁)မျိုးသန့်စံပြကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်၊ ပဲတီစိမ်းစိုက် တောင်သူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

 

နွေသီးနှံစိုက်ပျိုးရာတွင် သဖန်းဆိပ်ဆည်မှ ရေလျော့နည်းမှုပေါ်မူတည်၍ စိုက်ပျိုးရေးဦးစီးဌာနက နည်းလမ်း (၄) သွယ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နွေသီးနှံလျာထားချက်မှာ ဧက ၁၅၀၀၀ လျာထားခဲ့ရာ ယခုအချိန်တွင် ဧက ၂၇၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဌာနမှ တောင်သူများကို နည်းပညာပေးရာတွင် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာရှိ ဝန်ထမ်းများကို တာဝန်ချထားပေးပြီး လိုအပ်ပါက သီးနှံများကာကွယ်နှိမ်နင်းရန်အတွက် ပိုးမွှားကင်းထောက် ဆင်းယူခြင်း၊ တောင်သူများနည်းပညာပေးခြင်းတို့ကို ကွင်းအတွင်းပညာပေးခြင်း၊ အိမ်အရောက် ပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင် က ပြောသည်။

 

ပဲတီစိမ်း ရေဆင်း(၁၁)ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးခဲ့သဖြင့် အထွက်တိုးနှုန်းတိုးပြီး အကျိုးရှိကြောင်း၊ ယခင်က ဆည်ရေသောက်ဖြင့်စိုက်ပျိုးခဲ့ပြီး ယခုနှစ်မှာတော့ မြေအောက်ရေတူးဖော်ပြီး စိုက်ပျိုးခဲ့ပါတယ်၊ ပဲတီစိမ်း တစ်ဧက စိုက်ပျိုးစရိတ်မှာ သုံးသိန်းဝန်ကျင်ရှိကြောင်း၊ တစ်ဧကကို ပဲတီစိမ်းတင်း (၃၀) ထွက်ရှိပြီး ပဲတီစိမ်းပေါ်ကာစက တစ်တင်းကို လေးသောင်းရှိပြီး ယခုမှာတော့ သုံးသောင်းခွဲသာရှိပါတယ် ပဲတီစိမ်းတစ်ဧက စိုက်ပျိုးလျှင် ငွေကျပ်(၁၀) သိန်းကျော်ရရှိကြောင်း တောင်သူဦးသန်း၏ ပြောကြားချက်အရ သိရသည်။

 

ခင်ဦးစိုးဝေ