ကံမ ၁၃ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူဖြစ်စေရန် ကံမမြို့နယ် သပြေကိုင်း (ယာယီ) ပျိုးဥယျာဉ်တွင် သစ်ပင်ပျိုးပင်ပေါင်း လေးသောင်းကျော်ကို ပျိုးထောင်ထားရှိပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာ၌ ၂၀၂၀ ခုနှစ် မိုးရာသီကာလတွင် တည်ထောင်စိုက်ပျိုးမည့် ၁/၂၀၂၀ ရေဝေရေလဲ စိုက်ခင်း (၆၀) ဧကအတွက် ယူကလစ်၊ စစ်နှင့် ရှားပင်အစရှိသည့် ပျိုးပင်ပေါင်း ၃၀၂၂၅ ပင်၊ တစ်အိမ်ထောင် ကျွန်း (၃) ပင်နှင့် သစ်မာ (၂၀) ပင် အတွက် ၂၃၇၁ ပင်၊ ပြည်သူဗဟိုပြု စိုက်ပျိုးရန်အတွက် ကျွန်းနှင့်စစ် သစ်မျိုး တစ်ထောင်ပင်၊ လူထုပညာပေး ဟောပြောပွဲများ ပြုလုပ်ရာ နေရာများမှ ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် လျှော်ဖြူ ၁၉၀၀ ပင်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၂၀၂၁ မိုးရာသီတွင် စိုက်ပျိုးမည့် အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းအတွက် မြန်မာကုက္ကို၊ ဒဟတ်၊ ဖျောက်၊ ဆိတ်၊ ရှား၊ ယင်းမာနှင့်တမာ အစရှိသည့် ပျိုးပင် ၅၅၀၀ ပင် စုစုပေါင်းပျိုးပင် ၄၀၉၉၆ ပင်အား ပျိုးထောင်ထားပြီး ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကံမမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မြင့်၏ ပြောကြားချက်အရ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


