စလင်း ၁၃ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ကျေးရွာ ၂၄ ရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ ၂၄ ရွာမှာ လက်ပံကျင်း၊ မြေနီကုန်း၊ ကျုံး၊ ပိတ်ဆည်၊ တောင်စဉ်၊ ရွာသာကုန်း၊ ရွာမှတ်၊ တောစိမ့်၊ ကျွဲကျောင်း၊ ငှက်ပျောတော၊ မြို့သစ်၊ ကံကြီး၊ ကျွန်းကလေး၊ တောင်ဘိုကြီး၊ တုန်းခေါင်း၊ သစ္စာမြိုင်၊ လယ်သာ၊ စွယ်တည်(ရွာမ)၊ တောတွင်၊ ကျီးသိုက်၊ ကုန်းတဲ၊ ပေါက်မ၊ ဆင်ကျုံး၊ မကျီးစင် ကျေးရွာများဖြစ်သည်။
အဆိုပါ ကျေးရွာ ၂၄ ရွာတွင် မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း ၂၀ ခု၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ စာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ လူကူးသစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ လူကူးသံဘောင် ယက်မတံတား တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း တစ်ခုတို့ကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၂၄၀၀၊ ကျေးရွာ ပြည်သူလူထု ထည့်ဝင်ငွေကျပ် သိန်း ၁၀၀ ကျော်တို့ဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများကိုယ်တိုင် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ယခုအခါ လုပ်ငန်းများအားလုံး ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း တာဝန်ခံ ဦးငြိမ်းသူဝင်းရွှေက ပြောသည်။
စလင်းမြိုနယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ယခုဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၄၃ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)


