ဘားအံ  ၁၃  ဇွန်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မူလတန်းအဆင့် ဆရာ/ဆရာမများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် Online သင်တန်းပို့ချခြင်းကို ယမန်နေ့မှ စတင်ကာ အမှတ်(၁) အခြေခံပညာ အထက်ကျောင်းခန်းမတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

“Grade-4 သင်ရိုးသစ်ကို ပြန်လည်သင်ကြားနိုင်ဖို့ မြို့နယ်အဆင့် သင်တန်းနည်းပြ ဆရာ ဆရာမတွေကို Online သင်တန်း ပို့ချပေးတာ ဖြစ်ပါတယ်။ သင်တန်းမှာတော့ ဘားအံမြို့နယ်မှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းတွေက ဆရာ/ ဆရာမ ၂၃၂ ဦး တက်ရောက်ကြပြီး ဇွန် ၁၂ ရက်မှ ၁၃ ရက်နေ့အထိ (၂)ရက်တာ ပို့ချပေးမှာဖြစ်တယ်” ဟု သင်တန်းကြီးကြပ်ရေးအဖွဲ့မှ ဦးသက်ပိုင်က ပြောသည်။

 

အဆိုပါ Grade-4 သင်ရိုးသစ် သင်တန်းပို့ချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Online ဖြင့် ပို့ချတာဖြစ်ပြီး နိုင်ငံတကာပညာရေး အဆင့်အတန်းနှင့် ကိုက်ညီမှုရှိပြီး အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများမှ ပြန်လည်ဆင့်ပွား ပို့ချပေးနိုင်ရန်၊ ကျောင်းသင်ခန်းစာမှတစ်ဆင့် နေ့စဉ်ဘဝလုပ်ငန်းများတွင် လက်တွေ့အသုံးဝင်မည့် အသိပညာ၊ အတတ်ပညာများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)