(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၃) ရက်

 

သတိပြုရမည့် ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင် ရောဂါ (Schistosomiasis)

 

• ဒီရောဂါဟာ သံပြားကောင်တစ်မျိုးဖြစ်သော Schistosoma မျိုးစိတ်မှ ဖြစ်ပွားသောရောဂါတစ်မျိုး ဖြစ်ပါတယ်။

 

• အထူးသဖြင့် မိုးရာသီကာလအတွင်း လယ်ယာစိုက်ပျိုးမှု များသောဒေသများ၊ ရေချိုကန်များ၊ စမ်းချောင်းများ၊ ရေလှောင်ကန်များ၊ ရေလှောင်တမံများနှင့် ဆည်ရေတမံများရှိသော ဒေသများနှင့် Schistosomiasis ရောဂါ ဖြစ်ပွားမှုများ တွေ့ရှိရသည့် ရခိုင်ပြည်နယ်နှင့် အင်းလေးဒေသကဲ့သို့သော ဒေသများရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများ အနေနှင့် အထူးဂရုပြုသင့်ပါတယ်။

 

• ရောဂါကူးစက်ပုံမှာ Schistosoma သံပြားကောင်၏ သားလောင်းများသည် ‌အကာအကွယ်မရှိဘဲ ရေထဲတွင် အလုပ်လုပ်နေသော လူ၏အရေပြား (ဥပမာ - ခြေထောက်အရေပြား) မှ တစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်တတ်ပါတယ်။

 

• ရောဂါကူးစက်ခြင်း ခံရသောသူတွင် အရေပြားယားယံခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ ကြွက်သားနာကျင် ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဆီးအိမ်‌ရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ သွေးအန်ခြင်းနှင့် ဆီးအိမ်ကင်ဆာဖြစ်ပွားသည်အထိ ဖြစ်နိုင်ပါတယ်။

 

• ရောဂါရှိသူ၏ မစင်နှင့်အတူ Schistosoma ကပ်ပါးဥများသည် မြေပြင်နှင့်ရေထဲသို့ ရောက်ရှိသွားပြီး ရေချိုခရု၏ ခန္ဓာကိုယ်အတွင်း၌ သားလောင်းများအဖြစ် ပြောင်းလဲသွားပါတယ်။ သားလောင်းများသည် ပြင်ပရှိရေထဲသို့ ရောက်ရှိသွားပြီး အခြားသူတစ်ဦးထံသို့ ထပ်မံဖောက်ဝင်၍ ကူးစက်စေပါတယ်။ ဒီလိုနဲ့ တစ်ယောက်နှင့် တစ်ယောက် အဆင့်ဆင့် ထပ်မံကူးစက်ပြန့်ပွားပါတယ်။

 

Schistosomiasis ရောဂါကို ကာကွယ်နိုင်ရန်

 

ကျေးရွာများတွင် ယင်လုံအိမ်သာကို ရာနှုန်းပြည့်အသုံးပြုပါ။

 

ဖြစ်ပွားမှုများသော ဒေသများတွင် လယ်ကွင်းများနှင့် ရေအိုင်များအတွင်း ဆင်းခြင်းနှင့် ရေကူးခြင်းကို ရှောင်ကြဉ်ပါ။

 

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကာအကွယ်ဖြင့် ဆောင်ရွက်ပါ။ (ဥပမာ - လယ်ယာ လုပ်ငန်းသုံး လည်ရှည်ဖိနပ်ဝတ်ခြင်း)

 

Credit> Ministry of Health and Sports, Myanmar