ကျောက်တံခါး ၁၃ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ရွှေဝါကျေးရွာအနီးတွင် ဇွန် ၁၃ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်က ၁၈ ဘီးယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်၍ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောကျွဲအင်းမြို့၊ ရွှေဝါကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်မြေခံ ရဲစခန်းမှ ဒုရဲအုပ်ရန်နိုင်အောင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အခင်းဖြစ်နေရာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝေဖြိုးအောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် နိုင်လင်းအောင် လိုက်ပါလာသော ၆ ဘီးယာဉ်နှင့် အဖြူရောင် နောက်တွဲ ၁၂ ဘီး စုစုပေါင်း ၁၈ ဘီးတွဲ ယာဉ်သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၉/၄ နှင့် ၅ အကြား အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေး ကုက္ကိုပင်အား ဝင်တိုက်မိရာ ယာဉ်မှာဦးခေါင်းပိုင်း ကြေမွပျက်ဆီးပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးစလုံးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သို့ပါ၍ ယာဉ်မဆင်မခြင် ပေါ့ဆစွာ လူသေဆုံးအောင် မောင်းနှင်သူ ဝေဖြိုးအောင်အား တောကျွဲအင်း နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)